ဒေါ်နယ်ထရန့်အမိန့်ကြောင့် အမေရိကန်သို့သွားမည့် မလေးရှားမှ ချင်းဒုက္ခသည်အများအပြား ခရီးစဉ် ရုတ်သိမ်းခံရ

ဒေါ်နယ်ထရန့်အမိန့်ကြောင့် အမေရိကန်သို့သွားမည့် မလေးရှားမှ ချင်းဒုက္ခသည်အများအပြား ခရီးစဉ် ရုတ်သိမ်းခံရ

အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ လက်မှတ်ထိုးထုတ်ပြန်လိုက်သော အမိန်ကြောင့် မလေးရှားနိုင်ငံမှ ချင်းလူမျိုး ဒုက္ခသည်အများအပြား၏ လေယာဉ်ခရီးစဉ်နှင့် ပြည်ဝင်ခွင့်များ ရုတ်သိမ်းခံလိုက်ရသည်။

“တော်တော်များများက မျှော်လင့်ချက် တော်တော်ထိခိုက်သွားတယ်။ အရမ်းစိတ်ထိခိုက်မှုတွေ ဖြစ်နေကြတယ်။ မနေ့က ကျနော့်အသိထဲကဆိုရင် သွားရဖို့အတွက် မနက် ၁၁ နာရီမှာ UN ရုံးရောက်ရမယ်။ သွားဖို့ ရေချိုုးနေတုန်းမှာ ဖျက်သိမ်းခံရတာမျိုး။ တချို့ဆိုရင် အိမ်ငှားတာတွေ ပြန်အပ်ထားတာ၊ တချို့က သွားကြဖို့ အလုပ်ထွက်ထားလိုက်ပြီ။ ထွက်ဖို့လည်း သေချာနေတော့ အဲဒါတွေ လုပ်ပြီးသွားပြီ။ အဲလိုအချိန်မှာ ဒီလိုဖြစ်လာတော့ အရမ်း စိတ်ပိုင်းဆိုင်ရာ ထိသွားကြတယ်” ဟု မလေးရှားနိုင်ငံမှ ချင်းဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် Alliance of Chin Refugees အဖွဲ့၏ ဥက္ကဌ James Bawi Thang Bik က ပြောသည်။

ယခုရက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် ပြည့်ဝင်ခွင့်ရရှိထားသည့် မလေးရှားနိုင်ငံရောက် ချင်းလူမျိုး အများအပြားသည် ယခုလို ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။

လေယာဉ်ခရီးစဉ် ဖျက်သိမ်းခံရသော ချင်းဒုက္ခသည် အများအပြားလည်း Alliance of Chin Refugees ရုံးကို ဆက်သွယ်မေးမြန်းကြပြီး တချို့သည် UNHCR ရုံးကို တိုက်ရိုက်ဆက်သွယ်မေးမြန်းကြောင်း၊ ရုတ်သိမ်းခံရသော ချင်းဒုက္ခသည်အရေအတွက်ကို မသိရှိရသေးကြောင်း ACR ဥက္ကဌက ပြောသည်။

မလေးရှားရောက် ချင်းလူမျိုးများသည် အမေရိကန်နိုင်ငံသို့ ဒုက္ခသည်အဖြစ် သွားရောက်နိုင်ရေးအတွက် UNHCR ပရိုဂရမ်အပါအဝင် နည်းလမ်း ၂ မျိုးဖြင့် လျှောက်ထားသူများဖြစ်ပြီး လက်ရှိမှာ အားလုံးက ရုတ်သိမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ချင်းလူမျိုး ၈၀,၀၀၀ ကျော် ရောက်ရှိနေပြီး ၂၀,၀၀၀ ကျော်သည် ဒုက္ခသည်ကတ် ကိုင်ဆောင်ထားသူများဖြစ်သည်ဟု သိရသည်။

ရွှေ့ပြောင်းအခြေချသူများကို ကူညီသည့် အဖွဲ့အစည်းဖြစ်သည့် Resettlement Support Center (RSCs) အဖွဲ့နှင့် ချင်းဒုက္ခသည်များ၏ အင်တာဗျူး ရက်ချိန်းရရှိထားမှုလည်း ဖျက်သိမ်းခံလိုက်ရသည်ဟု သိရသည်။

Welcome Corps မှ ဒုက္ခသည်များ လက်ခံရေးအတွက် လျှောက်လွှာအသစ်များ လက်ခံခြင်းလည်း ရပ်တန့်ထားပြီဟု သိရသည်။

“RSC အင်တာဗျူးတွေလည်း အပွိုင့်မန့်ပေးတာလည်း တော်တော်များများလည်း ရုတ်သိမ်းသွားတယ်။ တော်တော်များများက ထိတယ်။ အခုချိန်မှာတော့ တော်တော်လေးပေါ့နော်။ အားလုံးက ရှော့ခ်ရသွားတာပေါ့နော်။ အခုက အားလုံးက စိတ်ဓါတ်ကျတယ်။ ဘာဖြစ်လို့လည်းဆိုရင် မျှော်လင့်ချက်လည်း တော်တော်လေး နည်းသွားကြတယ်။ မလေးရှားမှာက ဒီပတ်ဝန်းကျင်က ငြိမ်ကျသွားသလို ဖြစ်သွားတာပေါ့နော်။ ဒီရက် အရမ်းသိသာတယ်” ဟု ACR အဖွဲ့ ဥက္ကဌ James Bawi Thang Bik က ပြောသည်။

ချင်းလူမျိုးများကို ဒုက္ခသည်အဖြစ် လက်ခံမှု အများဆုံးသည် အမေရိကန်နိုင်ငံဖြစ်ပြီး ပြင်သစ်၊ ဩစတေးလျ စသည့် ဥရောပနိုင်ငံတချို့က လက်ခံသော်လည်း အရေအတွက်နည်းကြောင်း သိရသည်။

အဖမ်းအဆီးများပြားသည့် မလေးရှားနိုင်ငံတွင် UN ကတ် ကိုင်ဆောင်ထားသူများကို စစ်ဆေးရေးအဖွဲ့များက ပြန်လွတ်ပေးမှုများရှိသော်လည်း တချို့အဖွဲ့များက ပြန်လွတ်ပေးခြင်းမရှိဘဲ မိခင်နိုင်ငံကို ပြန်ပို့ခြင်းများ ပြုလုပ်သည်ဟု မလေးရှားနိုင်ငံရောက် ချင်းတချို့က ပြောကြသည်။

“ဘာဖြစ်နိုင်လဲဆိုရင် ဒီမှာ တော်တော်များများ သောင်တင်သွားမယ်။ လူဦးရေးက ပွားသထက် ပွားလာမယ်။ ကျနော်တို့က ရှေ့လည်းတိုးမရ၊ နောက်လည်းဆုတ်မရပေါ့နော်။ ကျနော်တို့ နိုင်ငံအခြေအနေအနေနဲ့ကလည်း ဒီ့အတိုင်းပဲ အဖမ်းအဆီးကြားထဲမှာ ရုန်းကန်ရင်းနဲ့ အသက်ရှင်ရဦးမှာပါ” ဟု ACR အဖွဲ့ ဥက္ကဌက ရှင်းပြသည်။

ချင်းဒုက္ခသည်ခရီးစဉ်များ ရုတ်သိမ်းခံရမှုတွင် ၂၀၁၃ ခုနှစ်က လျှောက်ထားသူများ၊ ၂၀၁၉၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်က လျှောက်ထားသူများ၊ လတ်တလော ရရှိထားသူများဖြစ်သည့် ကျန်းမာရေးအားနည်းသူများ၊ မိဘမဲ့ကလေးနှင့် သက်ကြီးရွယ်အိုတချို့လည်း ပါဝင်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုက္ခသည်များအရေးနှင့်ပတ်သက်သော မူဝါဒအသစ်ကြောင့် အမေရိကန်ကို သွားရောက်လိုသော မြန်မာဒုက္ခသည်များအပါအဝင် တခြားနိုင်ငံများမှ ဒုက္ခသည် အများအပြားကို ထိခိုက်နေကြောင်း သိရသည်။

Most read this week

January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...
January 21, 2026
မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်...
January 20, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က...
CHRO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တီမောသမ္မတတို့ တွေ့ဆုံပုံ။
January 19, 2026
ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်...