ဆမီးမြို့ပေါ်က ပြည်သူများ ဆေးကုသမှုပိုင်းတွင် အခက်အခဲကြုံတွေ့နေကြရ

ဆမီးမြို့ပေါ်က ပြည်သူများ ဆေးကုသမှုပိုင်းတွင် အခက်အခဲကြုံတွေ့နေကြရ

စမီးမြို့မြင်ကွင်း။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် နေထိုင်ကြသည့် ပြည်သူများသည် ဆရာဝန်နှင့် ဆေးဝါးမလုံလောက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် အခက်အခဲ ကြုံတွေ့နေကြရသည်ဟု ဆမီးမြို့ခံများထံမှ သိရသည်။

ဆမီးမြို့ဒေသခံတဦးက “မြို့ပေါ်မှာက အေအေ ရခိုင်ဖက်က ဆရာဝန်တော့ရှိတယ်။ ဆေးခန်းမှာတော့ ရောဂါနဲ့ တိုက်ဆိုင်တဲ့ဟာရှိရင် ကုပေးတာပေါ့။ ဒါပေမယ့် ခွဲစိတ်မှုလုပ်ဖို့ကလည်း ဓာတ်မှန်လည်းမရှိ၊ Ultrasound လည်းမရှိဆိုတော့ ခက်ခဲတာပေါ့။ ရမ်းကုလိုကုနေတာပေါ့ ပြောရမယ်ဆိုရင်။ မီးကလည်းမရ၊ ဘာမှမရှိတော့ သူ့ရဲ့ နားကြပ်တခုနဲ့ ပဲကုနေရတယ်၊ ဆေးကလည်း အဆင်မပြေ အဲ့လိုမျိုးဖြစ်နေတယ်” ဟု ပြောသည်။

အာရက္ခတပ်တော် (AA) သည်  ပလက်ဝမြို့နယ်တခုလုံးကို  ၂၀၂၄ ခုနစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် ပလက်ဝ နှင့် ဆမီးမြို့ပေါ်တွင် အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်လျှက်ရှိသည်။

ဆမီးမြို့ပေါ်တွင် တိုက်နယ်ဆေးရုံတစ်ခုသာ ကျန်းမာရေးအတွက် အဓိကထား အားကိုးနေရပြီး လက်ရှိတွင် အာရက္ခတပ်တော် (AA) ၏ ဆရာဝန် (၂) ဦးနှင့် ဆရာမ (၄) ဦးက ဆေးဝါးကုသမှု ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ ဆမီးမြို့ တိုက်နယ်ဆေးရုံတွင် ဆရာဝန်နှင့် ဆေးဝါးမလုံလောက်မှုကြောင့် အချိန်မှီ ဆေးကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရသည့် လူနာများလည်း ရှိနေကြောင်း ဆမီးမြို့ခံက ဆက်ပြောသည်။

“ပုံမှန်ဆေးကုသလို့မရဘူး ရတဲ့အခါရတယ်။ မရတဲ့အခါမရဘူး၊ အရေးပေါ်ဖြစ်ပြီး သေတာက တနှစ်ပတ်လုံးမှာ (၈) ယောက်လောက်ရှိတယ်။ လူနာက အရမ်းဖြစ်တဲ့အချိန်ကျမှ ရောက်လာတော့ ကျောက်တော်ဖက်မှာလွတ်ပေမယ့် လမ်းတဝက်မှာ သေတာတို့ရှိတယ်။ ပြီးတော့ ငှက်ဖျားကအချိန်လွန်သွားတော့ သွေးကလည်း မရနိုင်တော့ အချိန်လွန်ပြီး ဆုံးသွားကြတယ်။ ဆမီးမှာက လူလည်းမရှိဘူး၊ ဆေးရုံ လည်ပတ်မှုကတော့ အဆောက်အအုံ၊ သန့်ရှင်းရေးတို့ကတော့ အဆင်ပြေတယ်” ဟု ပြောသည်။

ဆမီးမြို့ပေါ်က ပြည်သူများသည် ရခိုင်ပြည်နယ် ကျောက်တော်နှင့် အိန္ဒိယဖက်မှ ဝင်ရောက်လာသည့် ဆေးဝါးများကို ဝယ်ယူသုံးစွဲနေရသော်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် လူတိုင်းဝယ်ယူနိုင်ရန် ခက်ခဲမှုများလည်း ကြုံတွေ့နေရသည်ဟု သိရသည်။

လက်ရှိ ဆမီးမြို့ပေါ်တွင်  လူဦးရေ တစ်ထောင်နီးပါးသာ နေထိုင်ကြပြီး အများစုမှာ ရခိုင်လူများဖြစ်သည်ဟု သိရကာ မြို့ခံပြည်သူအများစုမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။

ဆမီးမြို့ကို ဇန်နဝါရီလ (၁၄) ရက်နေ့က စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမှတ် (၂) ရပ်ကွက်ရှိ ထွေအုပ်ရုံး မီးလောင်ပျက်စီးခဲ့သည့်အပြင် MPT ဆက်သွယ်ဖုန်းလိုင်းလည်း ပြတ်တောက်နေဆဲဖြစ်သည်။

Most read this week

January 22, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇန်မြို့နယ်ကို သိမ်းပိုက်အပြီး ၂ နှစ်နီးပါးအကြာတွင်...
January 21, 2026
မလေးရှားနိုင်ငံအတွင်းက ချင်းဒုက္ခသည်များအရေးနှင့်ပတ်သက်၍ ဩစတေးလျနိုင်ငံ အထက်လွှတ်တော်အမတ်...
January 20, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဗလီကျောင်းတက်ရန်သွားသည့် ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က...
CHRO ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် တီမောသမ္မတတို့ တွေ့ဆုံပုံ။
January 19, 2026
ချင်းပြည်နယ်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်...