ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

ကျေးသီးမြို့နယ် ကျောက်မီးသွေး တူးဖော်မှုဒဏ်ကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်

ကျေးသီးမြို့နယ် ထဲက ကျန်းမာရေးစောင့်ရှောက်မှု

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ကျောက်မီးသွေး အလွန်အကျွံ တူးဖော်မှုကြောင့် ကလေးငယ်များ အရေးပြားရောဂါ စတင်ဖြစ်ပွားလာကြောင်း စုံစမ်းသိရသည်။

ကျေးသီးမြို့နယ် ကျောက်မီးသွေးအလွန်အကျွံတူးဖော်မှုကြောင့် သစ်တောများပြုန်းတီးကာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ရေသန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ကလေးငယ်များ အရေးပြားရောဂါ၊ ယားယံရောဂါများ စတင်ဖြစ်လာကြောင်း ကျေးလက်ကျန်းမာရေး ဆရာမတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျေးသီးဘက်မှာက ကျောက်မီးသွေးတွေ အရမ်းတူကြတယ်။ ဒီ ကျောက်မီးသွေးတူးဖို့ သစ်တောတွေကလည်း ခုတ်ရတယ်။ နောက် လေထုကလည်း မသန့်တော့ဘူး။ မိုးရွာရင် တောင်ကျရေတွေကလည်း ကြီးတယ်။ ရေညစ်ညမ်းတယ်။ ဒီမှာ ကလေးအများစုက ဝမ်းလျော၊ ဝမ်းပျက် အရေးပြားပြဿနာတွေ ခံစားနေရတယ်” ဟု ကျေးလက်ကျန်းမာရေး ဆရာမက ဆိုသည်။

ထို့ပြင် လက်ရှိ ကျောက်မီးသွေးတူးဖော်မှုကြောင့် ကျေးသီးမြို့နယ်အတွင်း လယ်ယာများအတွက် အဓိက အရေးပါသည့် နမ့်ဟင်ချောင်း (မႄႈၼမ့်ႁႅၼ်) ကို ထိခိုက်နိုင်ပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများလည်း ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆို သုံးသပ်နေကြသည်။

အလားတူ ကာလိမြို့ လွိုင်ဆိုင်ကျေးရွာ တကြောတွင်လည်း ပြီးခဲ့သည့် ၃ နှစ်၌ ကျောက်မီးသွေး တူးဖော်ရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ခဲ့ပြီး လက်ရှိမှာ ၎င်းလုပ်ငန်းရပ်နားထားကာ သံလွင်မြစ် (မႄႈၼမ်ႉၶူင်း) မြစ်အနီးက ရွှေတူးဖော်ရေးလုပ်ငန်းကို ပိုမိုလုပ်ကိုင်လာနေကြောင်း ကာလိဒေသအမျိုးသားတစ်ဦးက ပြောသည်။

ထိုဒေသအတွင်း နေထိုင်သူများသည် ကျောက်မီးသွေးတူးဖော်သည့်ဒဏ် သစ်တောပြုန်တီးမှုဒဏ်များကြောင့် ရေညစ်ညမ်းမှုပြဿနာကို ကလေးများက ပိုကြုံတွေ့နေရသည်ဟု ကျေးလက်ဆရာမတစ်ဦးက ပြောသည်။

“ကာလိမှာ အရင်က ကျောက်မီးသွေးတူးတဲ့ကိစ္စ၊ အခု ရွှေတူးဖော်တဲ့ကိစ္စတွေကြောင့် ရေတွေညစ်ညမ်းမှု စဖြစ်လာတယ်။ ရွာမှာဆိုရင် ရေတွေက ရှားလာတယ်။ ရှိတဲ့ရေကလည်း သန့်ရှင်းမှုမရှိဘူး။ အခု ကလေးတွေက ကျန်းမာရေးပြဿနာ ကြုံနေရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ကာလိမြို့ နှင့် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ကျေးရွာများကို မည်သည့်အစိုးရမှ ကွင်းဆင်း အသိပညာပေးခြင်း မရှိကြောင်း၊ ကလေးများ၏ ကျန်းမာရေးကိုလည်း ကိုယ်ထူကိုယ်ထ ကုသနေရကြောင်းလည်း ကျေးလက်ကျန်းမာရေးဆရာမက ထပ်လောင်းပြောသည်။

လက်ရှိ ကျောက်မီးသွေး၊ ရွှေ တူးဖော်နေသည့် ကျေးသီးမြို့နယ်၊ ကာလိမြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားနေသည့် နယ်မြေများဖြစ်သည်။

January 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို...
January 21, 2026
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား...
January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...