မိုးဗြဲနှင့် ဖယ်ခုံတွင် စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံများ စစ်ရှောင်ရ

မိုးဗြဲနှင့် ဖယ်ခုံတွင် စစ်တပ်က ဒရုန်းနှင့် လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံများ စစ်ရှောင်ရ

သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်က ဒရုန်းအပြင် လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများမှာ ထပ်မံစစ်ဘေးရှောင်နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစတင်ကာ မိုးဗြဲအနောက်ဘက်ခြမ်းကို စစ်တပ်က လက်နက်ကြီးများနှင့် ဒရုန်းများ အသုံးပြု၍ နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စစိုက်ခင်းများကို ချန်လှပ်ထားခဲ့ကာ ဒေသခံများ ဘေးလွှတ်ရာသို့ ထပ်မံစစ်ဘေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။

ထို့ပြင် သျှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံဘက်တွင်လည်း စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က အင်အား အလုံးအရင်းဖြင့် ဖြည့်တင်းကာ စစ်ကြောင်းထိုးမှုများ မကြာခဏ ပြုလုပ်နေသည်။

စစ်ရှောင်လာသည့် အမျိုးသမီးတစ်ဦးက “မိုးဗြဲနဲ့ ဖယ်ခုံ တကြောဘက်ဆို စစ်တပ်က စစ်ကြောင်း မသွားတဲ့ ရက်မရှိဘူး။ စိုက်ခင်းထဲ ရှိနေချိန် လက်နက်ကြီး၊ ဒရုန်းတွေ ထပေါက်ကွဲတာ ဒဏ်ရာရတဲ့သူ မရှိလို့ တော် သေးတယ်။ ညလည်း ပစ်နေတာပဲ စိတ်က မလုံခြုံတော့ ရှိတာ အကုန်ထားခဲ့ပြီး ထွက်ပြေးရတာ။ အသက်ထက် ဘာမှ အရေးမကြီးဘူးဆိုပြီး ထားပစ်ခဲ့တာ” ဟု ပြောသည်။

ထိုသို့ စစ်ဘေးရှောင်ပြေးကြရာတွင် ဒေသတွင်းရှိ စစ်တပ်ဂိတ်များနှင့် PNO ဂိတ်များတွင် စစ်ဆေးမှုများ တင်းကျပ်ထားသည့်အပြင် ငွေကြေးများလည်း တောင်းခံနေကြောင်း အဆိုပါအမျိုးသမီးက ဆက်ပြောသည်။

စစ်တပ်နှင့် PNO ပူးပေါင်းတပ်တို့သည် တော်လှန်ရေးလက်နက်ကိုင်များနှင့် ထိတွေ့တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

အလားတူ ပင်လောင်းဘက်တွင်လည်း စစ်တပ်နှင့် PNO တို့က အင်အားများဖြည့်တင်းကာ ဖယ်ခုံ-မိုးဗြဲဘက်သို့ စစ်ကြောင်းထိုးနေပြီး စစ်ရေးအခြေအနေ တင်းမာနေသဖြင့် သတိရှိရှိနေထိုင်ကြရန် ပင်လောင်းဒေသခံ ခွန်မျိုး က တိုက်တွန်းပြောဆိုသည်။

“အဓိကတော့ ဆောင်းပြောင်း၊ နန်းနိမ့်တို့ တောင်စလုံး မြောက်စလုံးဘက်က ပိုသတိထားစေချင်တယ်။ အဲ့ ဘက်ကို နေ့တိုင်းစစ်ကြောင်းသွားတယ်။ တစ်ခါသွားရင် တစ်ရာလောက်ရှိတယ်။ အင်အားဖြည့်ရင်လည်း ကားဆယ်စီးအထိ လူလာချသွားတယ်။ စစ်ပွဲတွေ ထပ်မဖြစ်ပါစေနဲ့ ဆုတောင်းနေရတာပေါ့။ စစ်ဆိုရင် ဘယ် စစ်မှ မကောင်းဘူး ပြည်သူတွေက ပိုနစ်နာရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်တွင်လည်း မိုးဗြဲမြို့အရှေ့ခြမ်း ကောင်ဝှက်ကျေးရွာအနီးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။

မိုးဗြဲမြို့နှင့် ဖယ်ခုံမြို့တို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင် ခြင်း မရှိသေးပေ။

မြို့အပြင်ဘက်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းများကိုမူ ကရင်နီတော်လှန်ရေး တပ်ဖွဲ့ များက ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ရာ စစ်တပ်သည် ၎င်းတို့အတွက် အရေးပါသော မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း ကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ရန် ဖိအားပေးထိုးစစ်ဆင်မှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...