ရွှေ၊ သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် “ဝ” တပ် (UWSA) ထိန်းချုပ်ရာဒေသတွင် ထိခိုက်နစ်နာမှုမရှိစေရန်နှင့် ပြဋ္ဌာန်းချက်များကို လိုက်နာကြရန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ဆုံအသိပေးခဲ့သည်။
သျှမ်းပြည်အရှေ့ပိုင်းတွင် မြေရှားသတ္တု၊ ရွှေနှင့် အခြားသတ္တုများ အလွန်အကျွံတူးဖော်မှုကြောင့် မြန်မာနှင့် ထိုင်းနိုင်ငံကို ဖြတ်သန်းစီးဆင်းနေသော နမ့်ခုတ်မြစ်ရေတွင် အာဆင်းနစ်နှင့် အခြားသတ္တုအဆိပ်ဓာတ်များ ပါဝင်နေကြောင်း ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် ညစ်ညမ်းမှုထိန်းချုပ်ရေးရုံးက ရေနမူနာယူ၍ ဓာတ်ခွဲ စမ်းသပ်ချက်အရ တွေ့ရှိခဲ့ရသည်။
UWSA ထိန်းချုပ်ဒေသအတွင်း မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းများ လျင်မြန်စွာ တိုးချဲ့လာမှုနှင့် သတ္တုစွန့်ပစ် ပစ္စည်းများ မြစ်ထဲသို့ ဝင်ရောက်မှုကြောင့် ထိုင်းနိုင်ငံဘက်အထိ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုများ ဖြစ်ပေါ်စေ ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ပြောဆိုထားသည်။
ထိုသို့ နမ့်ခုတ်မြစ် အဆိပ်သင့်မှုကြောင့် ထိုင်းနိုင်ငံဘက်မှ သဘာဝပတ်ဝန်းကျင် အရေးဆောင်ရွက်သူများနှင့် ဒေသခံများက မြန်မာနှင့် တရုတ်အာဏာပိုင်များထံ သတ္တုတူးဖော်မှုများ ရပ်တန့်ရန် မကြာခဏ တောင်းဆိုခဲ့ကြ သည်။
အဆိုပါ တောင်းဆိုမှုများကြောင့် UWSA အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း ဦးဆောင်ကာ ယခုနှစ် အတွင်း ရွှေနှင့် သတ္တုအမျိုးမျိုး တူးဖော်သည့်လုပ်ငန်းများတွင် ထိခိုက်နစ်နာမှုမရှိစေရန်နှင့် သတ်မှတ်ပြဋ္ဌာန်း ချက်များကို လိုက်နာရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစည်းအဝေးပြုလုပ်၍ အသိပေးခဲ့ခြင်း ဖြစ်သည်။
အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်းက “သတ္တုတူးဖော်ရေးအတွင်း အသုံးပြုတဲ့ ပစ္စည်းတွေ (ဖောက်ခွဲ ရေးပစ္စည်း၊ ဓာတုပစ္စည်း) ကို သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး အသုံးမပြုကြဖို့၊ တစ်ချို့လုပ် ငန်းတွေမှာ သတ္တုအများအပြား ရရှိရေးကိုသာ ရှေ့ရှူးကာ သတ်မှတ်ထားတာထက်ကို ကျော်လွန်ပြီး အသုံး ပြုတာကြောင့် ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ် (ဥပမာ - အလုပ်သမားပြဿနာ၊ ကျန်းမာရေးနဲ့ အသက် အန္တရာယ် ထိခိုက်ဆုံးရှုံးမှု)” ဟု UWSA စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
ထို့ပြင် သတ္တုတူးဖော်ရေး လုပ်ငန်းများကို မှန်ကန်သည့်နည်းလမ်းဖြင့် လုပ်ဆောင်ကြရန်၊ အချိန်နှင့် အခြေ အနေအလိုက် တူးဖော်မှုပုံစံနည်းလမ်းနှင့် စီမံကိုင်တွယ်ရေး ပြဋ္ဌာန်းချက်များကို လိုက်နာရန်နှင့် ရရှိလာသည့် အကျိုးအမြတ်များကို ပြည်သူများအတွက် မှန်ကန်သည့်နေရာတွင် အသုံးပြုရန်လည်း ၎င်းက အသိပေးထားသည်။
လုပ်ငန်းဆောင်ရွက်စဉ် ပြဿနာ တစ်စုံတရာ ပေါ်ပေါက်ပါက သက်ဆိုင်ရာဌာနများကို အကြောင်းကြားရန်နှင့် သတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
အဆိုပါအစည်းအဝေးသို့ အထွေထွေအတွင်းရေးမှူး ပေါက်အိုက်ခမ်း၊ စက်မှုဌာနမှ ချိန်ဝေဟိုက်၊ ကြာဖျင်း၊ ကျောက်ညီကြွယ်ဖျင်၊ ရင်းနှီးမြှုပ်နှံထားသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
UWSA ထိန်းချုပ်နယ်မြေအတွင်း သတ္တုများကို အလွန်အကျွံတူးဖော်မှုကြောင့် မိုင်းပေါက်မြို့တွင် နှစ်စဉ် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း ရေကြီးမှုကြောင့် ကယ်ဆယ်ရေး ရဲအရာရှိ အပါအဝင် ၄ ဦး သေဆုံးကာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်။







