နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများအားဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများအားဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း
ပုံစာ - နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် SSPP မှ စစ်သင်တန်းပေးနေစဉ်
ပုံစာ - နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် SSPP မှ စစ်သင်တန်းပေးနေစဉ်

သျှမ်းပြည်၊ နမ္မတူမြို့နယ်၊ မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကိုဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။

ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာလဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ်စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့် မိဘများကို တစ်လကျော်သည့်တိုင် ပြန်မလွှတ်သေးဘဲ မိသားစုဝင်ထဲမှ သားယောကျ်ားဖြင့် အစားထိုးလဲလှယ်ရန် ပြောဆိုကြောင်း ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“မိုင်းရင်ဘက်တော့ SSPP က တပ်သားသစ်စုတာရှိတယ်၊ အိမ်က လူကြီးတွေကို ဖမ်းခေါ်သွားတာမျိုး မပြောမဆို ဒီတိုင်းခေါ်သွားတာ။ လောလောဆယ် သိတာတော့ သားနှစ်ယောက် သုံးယောက်ရှိတဲ့အိမ် တစ်ရွာနည်းနည်းဆီ ပါသွားတယ်၊ စာရင်းတော့ မရှိထားဘူး။ သျှမ်းတပ်က ဖမ်းထားတာ” ဟု ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုမှ SSPP ၏ ဖမ်းဆီးခေါ်ဆောင်ခံထားရသူများထဲတွင် အသက် ၅၀ ကျော်အရွယ် သက်ကြီးအမျိုးသမီးများလည်း ပါဝင်နေပြီး မိသားစုဝင်များနှင့် အဆက်အသွယ်လုပ်ခွင့်မပေးဘဲ အတွေ့မခံကြောင်း နမ္မတူဒေသခံများထံမှ သိရသည်။

နမ္မတူမြို့နယ်အတွင်း SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် သက်ကြီးရွယ်အိုများကို ဖမ်းဆီးပြီး သားသမီးဖြင့် လူစားထိုးလဲလှယ်ခိုင်းခြင်းနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုနှင့် ဗိုလ်မှူးစိုင်းဖုန်းဟန်တို့ထံ သျှမ်းသံတော်ဆင့်မှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ထို့အပြင် ဖမ်းဆီးခံထားရသူများကို SSPP မှ နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စု၌ပင် စစ်သင်တန်းပေးနေခြင်းကြောင့် ရောဂါအခံရှိထားသည့် သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေး စိတ်ပူရကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောဆိုသည်။

“အပြင်လူနဲ့ လူစားသွားထိုးတာ လက်မခံဘူး၊ သားသမီးမဟုတ်ရင် ဖခင်သွားမှရတာတဲ့။ အိမ်က ယောကျ်ားသားမရှိလို့ လူကြီးခေါ်သွားတာ မလွှတ်သေးဘူး။ လူကြီးဆိုတော့ ရောဂါ‌အခံလည်းရှိတော့ ကျန်းမာရေးပိုင်း စိတ်ပူတာပေါ့။ သားနဲ့ အစားသွားထိုးရင်တော့ လွှတ်တယ်။ အဲ့လိုတော့ ပြောတာပဲ” ဟု မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

နမ္မတူမြို့ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က “၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းအတွင်း ၂၀၂၃ ဒီဇင်ဘာလ နှောင်းပိုင်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး နမ္မတူမြို့နယ်အတွင်း သျှမ်းတပ် SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့လည်း သွားလာလှုပ်ရှားလျက်ရှိသည်။

ယမန်နှစ် ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်တွင် အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလာပြီးနောက် စစ်ကောင်စီနှင့် စစ်ရေးမပြုလုပ်သည့် သျှမ်းတပ် ၂ တပ်ဖြစ်သည့် SSPP/SSA နှင့် RCSS/SSA တို့ကလည်း သျှမ်းလူထုများ သျှမ်းတပ်ထဲသို့ ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်မှု အသီးသီးပြုလုပ်ခဲ့သည့်အပြင် မြို့နယ်အသီးသီး၌ တပ်သားသစ်စုဆောင်းမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

January 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို...
January 21, 2026
သျှမ်းပြည် မိုင်းပန်မြို့နှင့် မိုင်းတုံမြို့ကြား အသစ်တည်ဆောက် ပြီးစီးခဲ့သည့် သံလွင်မြစ်ကူးတံတား...
January 19, 2026
စိုင်းဟန်လင်း —ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို...
January 17, 2026
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော်အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး...