သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိမည်

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိမည်

သျှမ်းပြည်၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှု အမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း ဒေသခံများနှင့် နယ်မြေတာဝန်ရှိ သူများက ပြောသည်။

ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းက သီပေါဟော်နန်း ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေး အတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲအတွင်း သီပေါဟော်နန်း ပင်မအဆောက်အအုံကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်နေရာအဖြစ် ဆက်လက်ထားရှိရန်၊ ဟော်နန်းတွင် သံဃာတော်တစ်ပါး ယာယီသီတင်းသုံး စောင့်ရှောက်ရန်နှင့် ဗုဒ္ဓကောလိပ်အတွက် အဆောက်အအုံများ ဆောက်လုပ်ရန် ဆွေးနွေးဆုံး ဖြတ်ခဲ့ကြကြောင်း ဆွေးနွေးပွဲအကြောင်း သိရှိထားသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့ရှိ ဒေသခံ အမျိုးသားတစ်ဦးက “အဓိက ဦးဆောင်ဆွေးနွေးတာကတော့ ဆရာတော် သံဃာတော်တွေနဲ့ မြို့မိမြို့ဖ တချို့ပါတယ်။ အခြေအနေ အားလုံးကောင်းသွားရင် ဟော်ထဲကို ပြည်တွင်းပြည်ပ ဧည့်သည်တွေ အရင်လို ဝင်လေ့လာလို့ ရအောင် လုပ်ဖို့ပေါ့။ နောက်ပြီး ဗုဒ္ဓကောလိပ် ဖွင့်မှာဆိုတော့ စာသင်ဆောင်တို့၊ နားနေဆောင်တို့ အဲ့တာတွေလည်း ဆောက်ဖို့ရှိတော့ မူလဟော်နန်းကိုလည်း မထိခိုက်အောင် တိုင်ပင်ကြတာပါ” ဟု ပြောသည်။

သီပေါဟော်နန်းတွင် ဗုဒ္ဓကောလိပ်အဖြစ် ဆိုင်းဘုတ်တင်မင်္ဂလာ ဖွင့်ပွဲကို မိုင်းဖုန်းဆရာတော်နှင့် အောက်စ်ဖိုဒ့် ဆရာတော်တို့၏ ဩဝါဒကို ခံယူကာ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ (စဝ်ဆုခမ်း) နှင့် သီပေါမြို့နယ် သံဃာတော်များ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဇွန်လ ၂၉ ရက် (သာသနာနှစ် ၂၅၇၀ ပြည့်နှစ် ပထမဝါဆိုလပြည့်နေ့) တွင် ပြုလုပ်ခဲ့သည်။

ထို့နောက် သီပေါမြို့၊ ဇာတ်စုရပ်ကွက်ရှိ သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်လိုက်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင်လ ၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၆) ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ 

သီပေါဟော်နန်းပြတိုက်သို့ အများပြည်သူ ဝင်ရောက်လေ့လာနိုင်ရန် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပြီးပါက ထပ်မံ အသိပေး ကြေညာသွားမည် ဖြစ်သည်။

ထို့ပြင် သီပေါဟော်နန်း ဗုဒ္ဓကောလိပ် ဖွင့်လှစ်သင်ကြားနိုင်ရန် စာသင်ဆောင်နှင့် နားနေဆောင် စသည့် အဆောက် အအုံအသစ်များ တည်ဆောက်ရာတွင် ပင်မဟော်နန်း၏ ဘေးပတ်ဝန်းကျင် ပေ ၁၂၀ ပတ်လည်အတွင်း လုံးဝမဆောက်လုပ်ရန်လည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

သီပေါဟော်နန်းကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇွန်လ ၂၀ ရက်က သီပေါစော်ဘွား၏ မျိုးဆက်ဖြစ်သည့် ကွယ်လွန်သူ ခွန်ထွန်းဦး ကိုယ်တိုင် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် တည်ထောင်သူ အောက်စ်ဖိုဒ့်ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိနှင့် သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ် ဥက္ကဋ္ဌဆရာတော် ဒေါက်တာ ပညာနန္ဒတို့ ရှေ့မှောက်တွင် ရေစက်ချ အမျှပေးဝေခဲ့ခြင်း ဖြစ်သည်။

သီပေါဟော်နန်းသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်သည့် နေရာတစ်ခုဖြစ်ပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီဖြစ်သူ စဝ်သုစန္ဒီ (ခေါ်) Inge Sargent ကိုယ်တိုင် ရေးသားခဲ့သည့် “Twilight Over Burma” စာအုပ်နှင့် ရုပ်ရှင်ဇာတ်ကားကြောင့် ကမ္ဘာလှည့်ခရီးသွားများအကြား အထူးထင်ရှားသည့် နေရာတစ်ခု လည်း ဖြစ်ပေသည်။

Most read this week

July 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က ဒေသခံများကို တွေ့သမျှ...
July 24, 2026
သျှမ်း-ကရင်နီ (ကယား) ပြည်နယ်စပ် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်က ဒရုန်းအပြင်...
July 24, 2026
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း...
July 22, 2026
ရွှေ၊ သတ္တုနှင့် သံယံဇာတများ အလွန်အကျွံတူးဖော်မှုကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် “ဝ” တပ်...