လေကြောင်းအန္တရာယ် စိုးရိမ်၍ မောင်တောမြို့ခံများ နေရပ်ပြန်ရေး တွန့်ဆုတ်နေကြ

လေကြောင်းအန္တရာယ် စိုးရိမ်၍ မောင်တောမြို့ခံများ နေရပ်ပြန်ရေး တွန့်ဆုတ်နေကြ
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။

ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား မြို့တွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်ရန် အာရက္ခတပ်တော် (AA) က ခွင့်ပြုထားသော်လည်း  စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို စိုးရိမ်သဖြင့် တွန့်ဆုတ်နေကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး မောင်တောမြို့ခံများအား မြို့တွင်း ပြန်လည်နေထိုင်ခွင့် ပြုထားခြင်းဖြစ်သည်။

သို့သော် စစ်ကောင်စီသည် ရခိုင်က မြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသည့်အတွက် နေရပ်ပြန်ရန် စိုးရိမ်မှုရှိနေကြသည်ဟု ဒေသခံများက ပြောကြသည်။

“နေရပ်ကတော့ ပြန်ခွင့်ပြုထားပြီ။ ULA ဖက်က အိမ်ထောင်စုနဲ့ လူဦးရေကို သေချာစိစစ်ပြီး ခွင့်ပြုတာ။ တစ်ချို့လည်း နေရပ်ပြန်ကြတာတွေရှိတယ်။ တချို့ကလည်း မပြန်ကြသေးဘဲ အခြေအနေကို စောင့်ကြည့်နေတာ ရှိတယ်။ အဓိကတော့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်နေတာကြောင့် စောင့်ကြည့်နေတဲ့သဘောပေါ့။ လုံခြုံစိတ်ချရရင်တော့ အိမ်ပြန်မှာ” ဟု မောင်တောမြို့က စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့ခံအချို့ ဝင်ရောက်နေထိုင်မှုရှိနေကြပြီး ပိုင်ရှင်များ မရောက်ရှိကြသည့် နေအိမ်များကို ULA က လုံခြုံစွာ ပိတ်ထားသည်ဟု မောင်တော ဒေသခံများထံမှ သိရသည်။

မောင်တောတွင် စစ်ကောင်စီ (ပူးပေါင်းမွတ်ဆလင်) များနှင့် အာရက္ခတပ်တော်တို့အကြား  မြို့တွင်းတိုက်ပွဲ ပြင်းထန်လာသည့်အတွက် ၂၀၂၄ ဩဂုတ်လတွင်  သောင်းနှင့်ချီသော မြို့ခံများကို အာရက္ခတပ်တော် (AA) က ကယ်ထုတ်ခဲ့ပြီး လုံခြုံသည့်နေရာများတွင် စစ်ရှောင်စခန်းများဖွင့်လှစ်ပြီး နေရာချပေးခဲ့သည်။

မောင်တောမြို့ထဲတွင် တိုက်ပွဲပြင်းထန်ခဲ့သဖြင့် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များကိုလည်း စိုးရိမ်မှုရှိနေကြသည်ဟု မောင်တော ၃ မိုင်ရပ်ကွက်မှ စစ်ဘေးရှောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

“နေရပ်ပြန်ဖို့ကျတော့ လေကြောင်းအန္တရာယ်ကတော့ စိုးရိမ်မှုရှိတာပေါ့။ နောက် ကျနော်တို့ရဲ့ ရပ်ကွက်က နခခ (၅) နဲ့ အနီးဆုံးမှာဆိုတော့ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေ အများကြီးရှိနိုင်တယ်။ ဒါကြောင့် နေရပ်ပြန်ရင်လည်း မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ကြရတယ်။ ဒီရက်ပိုင်း နေရပ်ပြန်ရပေမယ့် အခြေအနေကတော့ စောင့်ကြည့်ရမယ့်သဘောရှိတယ်” ဟု ၃ မိုင်ရပ်ကွက်က စစ်ဘေးရှောင်အမျိုးသားက ပြောသည်။

လက်ရှိ မောင်တောမြို့အတွင်းမှာ အာရက္ခတပ်တော် (AA) က မြို့တွင်း မိုင်းရှင်းလင်းမှုနှင့် သောက်သုံးရေကိစ္စများကို ကနဦး စီစဉ်ဆောင်ရွက်မှုများရှိနေသည်ဟု ULA နှင့် နီးစပ်သူများထံက သိရသည်။

မောင်တောမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က ဒီဇင်ဘာလ ၈ ရက်မှစ၍ အပြီးသတ် သိမ်းပိုက်ထားသည်။

Most read this week

February 13, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားရာ ရခိုင်ပြည်၊ ကျောက်တော်မြို့နှင့် မြောက်ဦးမြို့အား စစ်ကောင်စီက...
February 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ထင်းခုတ်ယူမှုကို တားမြစ်လိုက်ပြီးနောက် မီးသွေးဝယ်လိုအား...
February 11, 2026
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီက စတင်ခဲ့သည့် ကျောက်ဖြူတိုက်ပွဲ တစ်နှစ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာထက်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်မိသားစုတစ်ခုကို ယခုအတွင်း တွေ့ရစဉ်။
February 10, 2026
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့်...