စားဝတ်နေရေးကျပ်တည်း၍ သံတွဲတွင် စစ်ဘေးရှောင်များ တောင်းရမ်းစားသောက်နေ

စားဝတ်နေရေးကျပ်တည်း၍ သံတွဲတွင် စစ်ဘေးရှောင်များ တောင်းရမ်းစားသောက်နေ
ရခိုင်က မြို့နယ်တစ်ခုတွင် လှည့်လှည်တောင်းရမ်းနေသည့် စစ်ရှောင်မိသားစုတစ်ခုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။
ရခိုင်က မြို့နယ်တစ်ခုတွင် လှည့်လှည်တောင်းရမ်းနေသည့် စစ်ရှောင်မိသားစုတစ်ခုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း တွေ့ရစဉ်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းက စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှု၊ အကူအညီရရှိမှု နည်းပါးခြင်း၊ အလုပ်အကိုင်ရှားပါးမှုကြောင့် တောင်းရမ်းစားသောက်နေရသည်အထိ ရှိလာနေကြောင်း သိရသည်။

လုပ်ကိုင်စားသောက်ရေး အဆင်မပြေမှုနှင့်အတူ အဆမတန်မြင့်တက်နေသည့် ကုန်ဈေးနှုန်းများကြောင့် စစ်ဘေးရှောင်များမှာ လမ်းပေါ်ထွက်ပြီး တောင်းရမ်းနေကြရခြင်းဖြစ်သည်။

တောင်းရမ်းသူအများစုမှာ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး ၎င်းတို့ကို စားသောက်ဆိုင်၊ ဈေး စသည့် လူစည်ကားရာနေများတွင် တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

 “မိသားတစ်စုမှာ လူဦးရေ ၈ ယောက်ရှိရင် ၆ ယောက်လောက်က လမ်းပေါ်ထွက်ပြီး တောင်းစားနေကြရတယ်။ အသက်ငါးနှစ်အောက်ကလေးငယ်တွေ သက်ကြီးရွယ်အိုတွေလည်း ပါတာကို တွေ့ရတယ်။ လက်လုပ်လက်ကိုင်မရှိတော့ စားဖို့သောက်ဖို့က အဆင်မပြေဖြစ်လာတာပေါ့” ဟု သံတွဲဒေသခံ ကိုစိုင်းမျိုးသန့်က ပြောသည်။

သံတွဲမြို့နယ်မှ ဒေသခံအများစုမှာ တိုက်ပွဲမဖြစ်ခင်က ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး လက်ရှိတွင် တိုက်ပွဲကြောင့် ရေလုပ်ငန်းများ ရပ်နားထားရသဖြင့် ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေကြရသည်။

သို့သော်လည်း အလုပ်အကိုင်ရှားပါးသည့်အပြင် ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအခက်အခဲများကို ပို၍ ကြုံတွေ့နေရသည်။

“အရင် ပုံမှန်အခြေအနေမှာတောင် တောင်းစားတဲ့သူတွေရှိနေတာ။ အခုဆို တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတော့ ပိုအခက်အခဲဖြစ်တာပေါ့။ ကုန်ဈေးနှုန်းတွေလည်း ဈေးတွေမြင့်တက်နေတော့ အကုန်အခက်အခဲ ကြုံနေရတာ” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် အပြီးသတ် သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် အများအပြားရှိနေသည်။

သံတွဲဒေသခံ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “အလှူရှင်ဆိုတာကလည်း အလှူငွေရှိတဲ့အခါမှ လာကြရတော့ စစ်ရှောင်နေတဲ့ လူတွေအတွက်က အကုန် မလောက်ငှနိုင်ဘူး။ အလုပ်အကိုင်လည်း မရှိကြတော့ တောင်းစားတဲ့ လူတွေ အရင်ကထက် ပိုများလာတယ်။ တချို့ကျတော့လည်း ထမင်းကို ပုံမှန်ထက် တစ်နပ် လျှော့စားနေကြရတယ်” ဟု ပြောသည်။

တိုက်ပွဲစဖြစ်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၄၃,၀၀၀ ကျော်ရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) အစီရင်ခံစာအရ သိရသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှု အကျိုးဆက်အနေဖြင့် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတို့ကြောင့် ရခိုင်ဒေသတွင် စစ်ဘေးရှောင်များအပါအဝင် ဒေသခံများမှာ လမ်းပေါ်ထွက် တောင်းရမ်းစားသောက်သူ များပြားလာနေသည်။

၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
March 24, 2026
အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး...
March 23, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း တစ်သောင်းတန် ငွေ စက္ကူအတုများ...
March 21, 2026
ရခိုင်ပြည်တွင် အဓမ္မပြုကျင့်မှုဖြစ်စဉ်များ များပြားလာနေပြီး ယခုလအတွင်းမှာပင် သက်ငယ်မုဒိမ်းမှု...