တနင်္သာရီစစ်ရှောင်များ ဆေးဝါးလိုအပ်မှု မြင့်မားနေ

တနင်္သာရီစစ်ရှောင်များ ဆေးဝါးလိုအပ်မှု မြင့်မားနေ

တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင်အများစုမှာ လက်ရှိ ရာသီအကူးအပြောင်းကာလအတွင်း တုပ်ကွေးဖြစ်ပွားမှု ပိုမိုများပြားလာပြီး ဆေးဝါးလိုအပ်ချက် ပထမဦးစားပေးအခြေအနေ ဖြစ်ပေါ်နေသည်ဟု ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ မြေပြင်တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ အရှေ့တောနယ်ဒေသတွင် စစ်ရှောင်နေရသူများအနေဖြင့် နေရာထိုင်ခင်း မလုံလောက်သလို ဒီဇင်ဘာလမှစ၍ တုပ်ကွေးဖျားနာခြင်းများ ဖြစ်ပေါ်နေပြီး ယခု ဖြစ်ပွားသူဦးရေ တိုးလာနေ၍ ဆေးဝါးများ အရေးပေါ် လိုအပ်လာခြင်းဖြစ်သည်ဟု ဒေါနတနင်္သာရီ စစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့ မြေပြင်တာဝန်ခံက ယခုလိုပြောသည်။

“ရာသီကူးပြောင်းပြီဆိုတာနဲ့ ပထမခံစားရတာက ကျန်းမာရေးအနေနဲ့ ရာသီတုပ်ကွေးကို အဓိက ခံစားရပါတယ်။ ရာသီကူးပြောင်းရင် စစ်ရှောင်တွေက အရင်ကထက်ပိုပြီး နာမကျန်းဖြစ်နေတာ များလာတယ်။ ဒီရာသီမှာတောင် ငှက်ဖျားရောဂါဖြစ်နေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဆေးဝါးက ပထမဦးစားပေးပါ” ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ကျန်းမာရေးပြုစုစောက်ရှောက်မှုအပြင် အမိုးအကာများ နေရာထိုင်ခင်းလိုအပ်ချက် စသည်တို့ အရေးပေါ် လိုအပ်လျက်ရှိနေပြီး စစ်ဘေးရှောင်ကာလ အချိန်ကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာများလည်း ပိုမိုလိုအပ်လာကြောင်း စစ်ရှောင်နေသူများထံမှ သိရသည်။

ထို့အပြင် စစ်ကောင်စီမှ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးရှိ အရှေ့တောနယ်ဒေသသို့ အနွေးထည်သယ်ယူခွင့်များကို ပြီးခဲ့သည့်၂၀၂၃ ခုနှစ်မှစ၍ တားမြစ်ထားသည့်အတွက် ယခု ဆောင်းရာသီကာလအတွင်း အနွေးထည်လိုအပ်ချက်များလည်း ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

“စောင်၊ အနွေးထည်နဲ့ ခြင်ထောင်တွေပါ အဲ့တာတွေလည်း လိုအပ်ချက်ရှိတယ်။ တချို့ အဆင်ပြေနေသေးတဲ့ မိသားစုတွေမှာကျတော့ စောင်တို့ ရှိတယ်ပေါ့နော်။ တစ်ချို့ အဆင်မပြေတဲ့ မိသားစုတွေမှာတော့ အနွေးထည်မပြောနဲ့ စောင်တောင် ပါးပါးလေးတွေပဲရှိတဲ့ မိသားစုတွေတွေ အများအပြားလည်း တွေ့မြင်ရပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

တနင်္သာရီတိုင်းရှိ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာများအရ စစ်ကောင်စီ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ဒုက္ခသည် ၆၀,၀၀၀ ကျော်အထိရှိကြောင်း အဆိုပါအဖွဲ့က ပြုစုထားသည့် စာရင်းများအရ သိရသည်။

ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...
ဓာတ်ပုံ - CJ
August 26, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့...