အသင်းဖွဲ့မှတ်ပုံတင်သက်တမ်းတိုးရန် ငွေကြေးသတ်မှတ်ကြောင့် ပရဟိတအသင်းတို့ ရပ်တည်ရန်ခက်ခဲ

အသင်းဖွဲ့မှတ်ပုံတင်သက်တမ်းတိုးရန် ငွေကြေးသတ်မှတ်ကြောင့် ပရဟိတအသင်းတို့ ရပ်တည်ရန်ခက်ခဲ
ဓာတ်ပုံ - ပုံဟောင်း
ဓာတ်ပုံ - ပုံဟောင်း

မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင် အသင်းငယ်အများစု  မှတ်ပုံတင်သက်တမ်းတိုးရန် စစ်ကောင်စီမှ သတ်မှတ်ထားသည့် ငွေကြေးပမာဏကြောင့်  သက်တမ်းမတိုးနိုင်ဘဲ ဆက်လက်ရပ်တည်ရန် ခက်ခဲရှိနေကြသည်ဟု သိရသည်။

လာမည့် ၂၀၂၅ ခုနှစ်တွင် မှတ်ပုံတင်သက်တမ်းကုန်တိုးမည့် အသင်းအဖွဲ့တို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် show money  ငွေကျပ် သိန်း ၅၀၀၊ မြို့နယ်အဆင့်တွင် သိန်း ၅၀ နှင့် ၁၀၀ ကြား သတ်မှတ်ထားကြောင်း ပရိဟိအဖွဲ့တို့ပြောဆိုချက်အရ သိရသည်။

ကိုယ်ကျိုးရှာ စီးပွားရေးအသင်းအဖွဲ့မဟုတ်ဘဲ အလှုငွေအနည်းအကျဉ်းဖြင့် ရပ်တည်နေရသည့် ပရဟိတအသင်းတို့အပေါ် ယခုသတ်မှတ်ချက် မရှိသင့်ကြောင်း ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

“အကျိုးအမြတ်ရှာတဲ့ အသင်းအဖွဲ့တွေ မဟုတ်တဲ့အတွက် ဒါက ဘယ်လိုမှ ဟန်ချက်ညီတဲ့အချက်မဟုတ်ဘူး။ show money ပြခိုင်းတာ မဖြစ်သင့်ဘူးပေါ့နော်။ အခုလက်ရှိအနေအထားမှာဆို လစဉ်အလှူတွေတောင် ၁၀ သိန်းပြည့်မှာမဟုတ်ဘူး။ အသင်းအသေးလေးတွေ ရပ်နားတာ ပိုများမယ်ထင်တယ်။ ဒီဥပဒေကို ဆောင်ရွက်မယ်ဆိုရင် အသင်းကြီးတွေတောင် ရပ်တည်ဖို့ခက်တယ်” ဟု ကိုဘိုဘိုဝင်းက ဆိုသည်။

ထို့ကြောင့် ယခုသတ်မှတ်ချက်ကို ပယ်ဖျက်ပေးရန် သို့မဟုတ် လျှော့ပေါ့ရန်လည်း ပရဟိတအဖွဲ့ တာဝန်ရှိသူတို့ တောင်းဆိုလျှက်ရှိကြောင်း သိရသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ပြင်ဆင်ထားသည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ပြည်တွင်းအသင်းအဖွဲ့ မှတ်ပုံတင် သက်တမ်းတိုးခြင်းအတွက် မှတ်ပုံတင်ကြေး ၁ သိန်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအတွက် ၅ သောင်းနှင့် မြို့နယ်အဆင့်တွင် ၃ သောင်းပေးသွင်းရမည်ဟု ဖော်ပြထားပြီး show money ငွေကြေးအတွက် ဖော်ပြထားခြင်းမရှိပေ။

 ထို့အပြင် သက်တမ်းကုန်ဆုံးပြီး အသင်းအဖွဲ့တို့ သက်တမ်းတိုးခြင်းမရှိဘဲ လုပ်ငန်းဆက်လက်ဆောင်ရွက်မည်ဆိုပါက ဒဏ်ငွေအနေဖြင့် ၅ သိန်းကျပ် ကျခံရမည်ဖြစ်ပြီး ဒဏ်ငွေမဆောင်နိုင်ပါက ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမည်ဖြစ်သည်ဟုလည်း အဆိုပါဥဒေအသစ်တွင် ဖော်ပြထားသည်။

လာမည့်ရက်ပိုင်းအတွင်း လူမှုကူညီရေးအသင်းတို့ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိကို စစ်ကောင်စီတို့၏ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုများပြုလုပ်မည်ဟု စစ်ကောင်စီမှ ပြောဆိုထားကြောင်း လူမှုကူညီရေးအသင်းအဖွဲ့တို့မှ သိရသည်။

“အခုတော့ စစ်ဆေးတာ မရှိသေးဘူး။ ဒါပေမဲ့ ပြောထားပြီးပြီးဆိုတော့ သူတို့ စစ်ဆေးမှာပါ။ သွားရင် ဆောင်ထားတာပိုကောင်းမယ်။ မတင်ရသေးဘူးဆိုရင် တင်လိုက်၊ သက်တမ်းကုန်ရင် တိုးထားရမယ်။ မှတ်ပုံတင်မရှိဘဲ လုပ်ရင်တော့ သူတို့ ဥပဒေအတိုင်း အရေးယူမယ်” ဟု သံဖြူဇရပ်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် မြို့နယ်အသီးသီးရှိ လူမှုကူညီရေးအသင်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တရားဝင်မှတ်ပုံတင်လက်မှတ် ဆောင်ထားရန်၊ ကားတွင် ကပ်ထားရန်နှင့် ပြင်ဆင်ဆောင်ရွက်မှုအချို့ လုပ်ဆောင်ရန် လိုအပ်လာမည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီမှ ယခင် ၂၀၁၄ ခုနှစ် အသင်းအဖွဲ့မှတ်ပုံတင်ခြင်း ဥပဒေကို ပယ်ဖျက်ကာ ပြီးခဲ့သည့် ၂၀၂၂ သြဂုတ်လတွင် ဥပဒေအသစ်ကို ပြဌာန်းထားသည်။

ပရဟိတအသင်းအဖွဲ့၊ နာရေးကူညီမှုအသင်းအဖွဲ့နှင့် လူနာတင်ယာဉ်အသင်းတို့သည် ကျန်းမာရေးဝန်ကြီးဌာနတွင် အသင်းဖွဲ့မှတ်ပုံတင်ခြင်း သက်တမ်းတိုးခြင်းတို့ လုပ်ဆောင်ရကြောင်း သိရသည်။

May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...
May 23, 2026
စစ်တပ်၏ စစ်မှုထမ်းကင်းလွတ်ခွင့်ရရန်နှင့် အခြားအကျိုးစီးပွါးခံစားခွင့်များရရှိရန် ကရင်ပြည်နယ်၊...