ပွင့်ဖြူမြို့နယ်ရှိ ရွာ ၄ ရွာမှ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးငွေညှစ်

ပွင့်ဖြူမြို့နယ်ရှိ ရွာ ၄ ရွာမှ ဒေသခံ ၈ ဦးကို စစ်ကောင်စီ ဖမ်းဆီးငွေညှစ်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၉ ရက်မှာ ပွင့်ဖြူမြို့နယ် ကျေးရွာ ၄ ရွာက ဒေသခံ ၈ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် ငွေညှစ်နေတာလည်း ဖြစ်ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက "ဖမ်းဆီးခံရတဲ့သူတွေက ကနီမြောင်းဘောင်တောင်ဘက်က အရက်ဆိုင်မှာ သောက်နေကြတာ။ အဲဒီလူတွေကို ဝင်ဖမ်းတာ။ တချို့ကတော့ လွတ်တယ်။ ကျန်တာက တခြားရွာတွေက ဖမ်းခံရတာ" လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကနီကျေးရွာက ၃ ယောက်၊ မဒဲကျေးရွာက ၁ ယောက်၊ မဲဇလီကျေးရွာက ၂ ယောက်၊ ကျစ်ကိုင်းကျေးရွာက ၂ ယောက် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

ကနီ၊ မဲဇလီနဲ့ မဒဲကျေးရွာက ဖမ်းဆီးခံရသူတွေကို ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေထံ ထားခဲ့ပြီး တစ်ဦးကို ငွေကျပ် ၇၅ သိန်းနဲ့ ပြန်ရွေးဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ကျစ်ကိုင်းကျေးရွာက ၂ ယောက်ကိုတော့ ပွင့်ဖြူမြို့နယ် ရဲစခန်းကိုခေါ်ဆောင်သွားပြီး နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီလိုမျိုး ပေါ်တာဆွဲပြီး ငွေညှစ်တာဟာ အပတ်စဉ်လိုက် ပေးနေရတဲ့ စစ်မှုထမ်းကြေး မပေးတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

"ကျောင်းကုန်းကြီးကျေးရွာမှာ အခု ထပ်ပြီးတော့ လေးသောင်းခွဲတောင်းတယ်။ ပြည်သူက မပေးနိုင်တော့ဘူး။ မပေးနိုင်တော့ မဲနှိုက်မယ်။ အကုန်နှိုက်ရမယ်လို့ပြောတယ်။ တစ်ဖက်မှာလည်း ဖမ်းဆီးပြီး ပိုက်ဆံရှာနေတယ်" လို့ ကျောင်းကုန်းကြီးကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်မှုထမ်းထောက်ပံ့ကြေးကို ကျေးရွာအလိုက် တစ်အိမ်ကို ၃၀,၀၀၀ ကျပ်ကနေ ၁၅၀,၀၀၀ ကျပ်အထိ ပေးနေကြရပြီး စီးပွားရေးကြပ်တည်းလာတဲ့အတွက် ပြည်သူတွေက မပေးနိုင်ဖြစ်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ပွင့်ဖြူမြို့နယ်ရှိ တံတားနဲ့ မြို့အဝင်ဂိတ်တွေမှာ လူငယ်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ကျပ် ၂၀ သိန်းဝန်းကျင်နဲ့ ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။

ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ လူငယ်တွေ အရွယ်ကောင်းသူတွေအနေနဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေမြင်ရင် ဝေးဝေးရှောင်ကြဖို့နဲ့ ဖြစ်နိုင်ရင် အပြင်မထွက်ကြဖို့ ဒီဇင်ဘာလ ၁၉ ရက်နေ့ကစလို့ အသိပေးထားပါတယ်။

Most read this week

Photo credit - MOI
December 17, 2025
နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း...
December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...