တပ်မဟာ - ၄ တွင် KNLA နယ်မြေရှင်းလင်းရေးလုပ်၊ KTLA တပ်ဖွဲ့ ၁၄ ဦးကို ဖမ်းဆီးထား

တပ်မဟာ - ၄ တွင် KNLA နယ်မြေရှင်းလင်းရေးလုပ်၊ KTLA တပ်ဖွဲ့ ၁၄ ဦးကို ဖမ်းဆီးထား

KNU - ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ တပ်မဟာ (၄)၊ ဘိတ် - ထားဝယ်ခရိုင်၊ လယ်ဒိုစိုးနှင့် ကစယ်ဒိုမြို့နယ်အတွင်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA က နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး ကော်သူးလေးအာမီ - KTLA တပ်ဖွဲ့ဝင် (၁၄) ဦးကို ဖမ်းဆီးရရှိထားမိသည်ဟု ခရိုင်တာဝန်ရှိသူက အတည်ပြုပြောသည်။

ထိုဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA တပ်ရင်း (၁၀) နှင့် တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များ မကြာခဏ ပစ်ခတ်ခံရပြီး လုံခြုံမှုမရှိသောကြောင့် မိမိကိုယ်ကိုယ် ပြန်လည်ကာကွယ်သည့်အနေဖြင့် KTLA တပ်ဖွဲ့ဝင်များရှိသည့် နေရာ ၃ နေရာကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဘိတ် - ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နာက ယခုလိုပြောသည်။

“သူတို့က ကျနော်တို့ နယ်မြေထဲမှာရှိတယ်။ ကျနော်တို့က ရန်သူကို တိုက်ဖို့လုပ်ရတာတွေရှိတယ်။ တစ်ဖက်မှာလည်း သူတို့က ကြားမှာရှိပြီး ကျနော်တို့ ခေါင်းဆောင်၊ တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်နေတာရှိတော့ ကျနော်တို့ဘက်ကလည်း သူတို့ကို ရှင်းရတာပေါ့” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါခရိုင်အတွင်း KNU လက်အောက်ခံ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA က ယခုလို နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် ဒီဇင်ဘာ ၁၈ ရက်နေ့တွင် KTLA တပ်ဖွဲ့ဝင်တို့နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး KTLA တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ၊ ၁၄ ဦးကို ဖမ်းဆီးရမိသလို လက်နက် ၁၇ လက်ကိုလည်း သိမ်းဆည်းရခဲ့သည်ဟု ဒေသတွင်းသတင်းများအရ သိရသည်။

ယခုဖြစ်စဉ်အပေါ် ကော်သူးလေးအာမီ စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ် နယ်ဒါးမြထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရသေးသလို နှစ်ဘက်ပစ်ခတ်မှုသည် KTLA လက်အောက် စောအယ်ခွီး (ကော်လာဖိုး) ဦးဆောင်သည့် လောက်အောက်ခံတပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒီဇင်ဘာ ၈ ရက်နေ့တွင် အစည်းအဝေးတက်မည့်သူကို ဆိုင်ကယ်နှင့်သွားပို့ပြီး ပြန်လာသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA၊ တပ်ရင်း (၁၂)၊ တပ်ခွဲ (၄) မှ ဒု-တပ်ခွဲမှူး စောဖားဂျိုးကို KTLA က ပစ်ခတ်ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့မှု ဖြစ်ပွားခဲ့သည်။

အလားတူ ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက အဆိုပါ KNLA၊ တပ်ရင်း (၁၂) နယ်မြေတွင် KNLA တပ်ဖွဲ့ဝင်များစီးလာသည့် ကားကို ကော်သူးလေအာမီ - KTLA တပ်ဖွဲ့က ပစ်ခတ်သည့်အတွက် KNLA မှ စစ်ဘက်ရေးရာကွပ်ကဲရေးမှူး ဗိုလ်မှူးစောဖိုးစီနှင့်အတူ ရဲဘော်တစ်ဦးကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရမှု ဖြစ်ပွားခဲ့သေးသည်။

ဘိတ် - ထားဝယ်ခရိုင်၊ တပ်မဟာ (၄) တွင် KNLA နှင့် KTLA တပ်ဖွဲ့ကြား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းကစ၍ နှစ်ဖက်တင်းမာမှုဖြစ်ပွားကာ ထိပ်တိုက်ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး KTLA  တပ်စခန်းနေရာများကို KNLA ဘက်က သွားရောက်ရှင်းလင်းခဲ့မှုများလည်း ရှိခဲ့ဖူးသည်။

ထို့အပြင် KTLA တပ်ဖွဲ့ဝင်တစ်ချို့က KNLA နှင့် လက်တွဲ လုပ်ဆောင်မှုများလည်းရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - CJ
August 21, 2026
သောင်ရင်းမြစ်ရေသည် ယနေ့ (ဩဂုတ်လ ၂၁ ရက်) နံနက်ပိုင်းတွင် တစ်ရှိန်ထိုး မြင့်တက်လာသဖြင့် ထိုင်း-...
(ဓာတ်ပုံ - CJ / Crd)
August 20, 2026
ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်စည်များကို စစ်အုပ်စုတပ်က...
ဓာတ်ပုံ - CJ
August 19, 2026
မွန်ပြည်၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း (၅)...
ဓာတ်ပုံ - မယ်လဒုက္ခသည်စခန်း / Crd
August 18, 2026
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှ ကလေး ၁၃ ဦးသည် စခန်း...