ရခိုင်တွင် စပါးအထွက်နှုန်း ကျဆင်း၍ တောင်သူများ အရှုံးပေါ်

ရခိုင်တွင် စပါးအထွက်နှုန်း ကျဆင်း၍ တောင်သူများ အရှုံးပေါ်

ရခိုင်ပြည်မှ တောင်သူလယ်သမားများမှာ သွင်းအားစုစရိတ်ကြီးမားမှု အခက်အခဲများကြားမှ စိုက်ပျိုးခဲ့ရသော စပါးခင်းများမှာ စပါးအထွက်နှုန်း ကျဆင်းမှုကြောင့် အရှုံးနှင့် ရင်ဆိုင်နေကြရသည်။

“ဒီနှစ် စပါးအထွက်နှုန်းက လယ်ဧကကို တောင်း ၈၀ နဲ့ ၁၀၀ လောက်ပဲ ရကြတယ်။ စပါး ၁၀၀ ရတဲ့သူက အရမ်းနည်းတယ်။ အများစုကတော့ တောင်း ၈၀ နဲ့ ၉၀ လောက်ပဲရကြတယ်။ စပါးအထွက်နှုန်းက ဒီနှစ်မှာ အရမ်းကျဆင်းတယ်။ မနှစ်ကဆိုရင် ဧကဆိုရင် စပါးတောင် ၁၀၀ ကျော်၊ ၁၆၀ လောက်အထိ ရတယ်။ ဒီနှစ်ကျတော့ မြေဆီလည်း မထည့်နိုင်ကြဘူး။ မိုးဒဏ်လေဒဏ်လည်း ခံကြရတယ်။ စိုက်ပျိုးရေးလည်း အဆင်မပြေဘူး။ ပျိုးစပါးလည်း မရကြတော့ အရှုံးလက္ခဏာရှိတယ်” ဟု ကျောက်တော်မြို့နယ် ခမောင်းတော ကျေးရွာမှ တောင်သူ ဦးစံလင်းက DMG ကို ပြောသည်။

ပြီးခဲ့သည့် မိုးရာသီက ဓာတ်မြေဩဇာဈေးနှုန်း အလွန်ကြီးမားသဖြင့် တောင်သူအများစုမှာ ဓာတ်မြေဩဇာကို လုံလောက်စွာ သုံးစွဲနိုင်ခြင်း မရှိခဲ့ကြပေ။

ယင်းအပြင် ဇူလိုင်၊ ဩဂုတ်လအတွင်း ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် ရေကြီးရေလျှံမှုကြောင့် လယ်ဧကထောင်နဲ့ချီ ပျက်စီးခဲ့ရသဖြင့် တောင်သူများမှာ စပါးများကို နောက်တစ်ကြိမ် အစားထိုး စိုက်ပျိုးခဲ့ကြရသည်။

လက်ရှိ စပါးရိတ်သိမ်းချိန်တွင် သီးနှံအထွက်နှုန်းကျဆင်းခြင်းအပြင် စပါးဝယ်ယူသူမရှိဖြစ်နေ၍ ယခင်နှစ်က စပါးအဟောင်းများသာမက ယခုနှစ်ထွက် စပါးများမှာလည်း ရောင်းမထွက်ဘဲ တောင်သူများလက်ထဲတွင် သောင်တင်နေကြောင်း ဆိုသည်။

ကျောက်တော်မြို့နယ် တောပန်ဇင်းကျေးရွာက လယ်သမား ဦးအောင်လှစိန်က “နှစ်တိုင်းထက်စာရင်တော့ ဒီနှစ်က အသီးအနှံထွက်နှုန်းက ညံ့ဖျင်းတယ်။ ပိုးကျသွားတယ်။ မြေဆီမြေဩဇာလည်း မကြဲနိုင်ကြဘူး။ အသီးတွေက မအောင်ကြတော့ လယ်သမားတိုင်းက စပါးအရနည်းကြတယ်” ဟု ပြောသည်။

“မြေဆီတစ်လုံး လေးသိန်းဆိုတော့ မြေဆီလည်း မကြဲနိုင်လိုက်ကြဘူး။ နောက် ရေမြုပ်တာကြောင့်လည်း စပါးတွေက ပျက်စီးသွားတယ်။ နောက်ထပ် ပျိုးစိုက်ဖို့အတွက်လည်း ပျိုးပင် ဝါးတစ်ပြန်ကို ၆ ထောင်ကျနဲ့ ဝယ်ပြီး စိုက်ထားကြရတာ။ ပျိုးစိုက်ဖို့အတွက်လည်း အမျိုးသားဆိုရင် နှစ်သောင်း၊ အမျိုးသမီးဆိုရင် တစ်သောင်း ရက်ကြေးပေးခဲ့ရတာ။ လယ်သမားတွေရဲ့ အရှုံးဆိုတာမှာ အခု စပါးအရောင်းအဝယ်မှာလည်း ပေါ်ဆန်းမွှေးတောင်း တစ်ရာမှ ၆ သိန်းပဲရှိတယ်။ စပါးအညံ့ တောင်းတစ်ရာ ၄ သိန်းခွဲဆိုတော့ အရမ်းရှုံးမယ့် အခြေအနေတွေမှာ ရှိနေတယ်” ဟု ဦးအောင်လှစိန်က ဆက်ပြောသည်။

ရခိုင်ဒေသထွက် စပါးများကို အာရက္ခတပ်တော် (AA) မှ ကြီးကြပ်သည့် ကုန်သည်ကြီးများအသင်းက ဝယ်ယူနေသော်လည်း လယ်သမားများလက်ထဲမှ စပါးအားလုံးကို ဝယ်ယူနိုင်ခြင်းမရှိခြင်းနှင့် ကျေးရွာတိုင်းက စပါးကို ဝယ်ယူခြင်းမျိုး မရှိကြောင်း တောင်သူများက ပြောသည်။

ထို့ကြောင့် စပါးအထွက်နှုန်း ကျဆင်းမှုအပြင် ထွက်ရှိလာသည့် စပါးများကိုပါ ရောင်းချရန် အဆင်မပြသဖြင့် လယ်သမားများ၏ စီးပွားရေးသည် အကျဖက်ရောက်လာကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ရွှေနတ်ပြင်ရွာမှ ဦးရွှေတင်မောင်က ပြောသည်။

“ကျနော်တို့ လယ်သမားတွေမှာက ဆုံးရှုံးတာတစ်မျိုး၊ ကျရှုံးတာကတစ်မျိုး ဖြစ်နေကြပြီ။ ဘယ်လောက်အထိ ကျဆုံးသွားလဲဆိုရင် တောင်သူလုပ်ဖို့တောင် မကောင်းတဲ့အထိ ဖြစ်သွားပြီ။ တောင်သူလယ်သမားဘဝက ငြိမ်းငွေ့ဖို့ကောင်းလာပြီ။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က ထွက်ရှိထားတဲ့ စပါးတွေကို ဈေးမှန်မှန်တစ်ခုနဲ့ ရောင်းချနိုင်ဖို့ လိုချင်တယ်။ သို့တည်းမဟုတ် ဒီစပါးတွေသာ ရောင်းမထွက်နိုင်ခဲ့ဘူးဆိုရင် ကျနော်တို့ တောင်သူတွေဟာ လာမယ့်နှစ်မှာ လယ်ယာစိုက်ပျိုးနိုင်ဖို့ အရင်းမရှိတော့ဘူး” ဟု ပြောသည်။

ရခိုင်ကထွက်သည့် ဆန်စပါးများကို ယခင်နှစ်များက ပြည်မနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများ ရှိခဲ့သော်လည်း ရခိုင်တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာကတည်းက စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထား၍ ရခိုင်ပြည်ထွက်ကုန် စပါးများမှာ ပြည်တွင်း၌ သောင်တင်နေသည်။

ထို့ကြောင့် စပါးဈေးကို အတိုင်းတာတစ်ခုထိ သတ်သတ်ဝယ်ယူမည့် ဈေးကွက်တစ်ခု ဖြစ်လာစေရေးအတွက် ULA/AA တာဝန်ရှိသူများက ကြိုးစားလုပ်ဆောင်ပေးသင့်ကြောင်း လယ်သမားများက ထောက်ပြနေကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...