စစ်ကောင်စီဖိအားကြောင့် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် တစ်ထောင်ကျော် အခက်ကြုံ

စစ်ကောင်စီဖိအားကြောင့် ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် တစ်ထောင်ကျော် အခက်ကြုံ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့ရှိ စစ်ရှောင်စခန်းတစ်ခုတွင် တွေ့ရသော ရခိုင်ပြည်မှ စစ်ဘေးရှောင်များ။  (ဓာတ်ပုံ - RFA)

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်ရှိ ချောင်းသာမြို့နှင့် ရွှေသောင်ယံမြို့၌ ယာယီနေထိုင်နေသည့် ရခိုင်စစ်ဘေးရှောင် တစ်ထောင်ခန့်ကို စစ်ကောင်စီက တစ်ပတ်အတွင်း အပြီးပြောင်းရွှေ့ခိုင်းထား၍ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှဖြစ်ပြီး ဒေသတွင်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူများဖြစ်ကာ အိမ်ငှားနေထိုင်သူများ၊ ဆွေမျိုးများအိမ်၌ နေထိုင်သူနှင့် အုန်းခြံများ၌ တဲထိုးနေထိုင်သူများလည်း ရှိနေသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်က ယင်းနေရာများတွင် စစ်ဘေးရှောင်များ နေထိုင်ပါက ကမ်းခြေဟိုတည်ဇုန် ညစ်ညမ်းမှုနှင့် ခရီးသွားများ အနှောင့်အယှက်ဖြစ်စေသည်ဆိုပြီး တစ်ပတ်အတွင်း အပြီးပြောင်းရွှေ့ကြရန် ဒီဇင်ဘာလ ၁၄ ရက်နေ့က အမိန့်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အစည်းဝေးဆုံးဖြတ်ချက်အရဆိုပြီး အခုနေထိုင်နေတဲ့ နေရာကနေ စစ်ဘေးရှောင် တစ်ယောက်မကျန် ပြောင်းရွှေ့ခိုင်းတာ။ ဖျာပုံဖက်ကို ပြောင်းခိုင်းတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပေါ့လေ။ တစ်နေရာကနေ တစ်နေရာ ခဏခဏ ပြောင်းဖို့ဆိုတာ စစ်ဘေးရှောင်တွေအတွက် မလွယ်ကူဘူး” ဟု ရွှေသောင်ယံရောက် ဂွစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းထား၍ စစ်ဘေးရှောင်တချို့မှာ ဧရာဝတီဖက်နှင့် ရန်ကုန်ဖက်သို့ ပြောင်းရွှေ့သွားကြသော်လည်း အများစုမှာ ငွေကြေးအဆင်မပြေ၍ မပြောင်းရွှေ့နိုင်ဘဲ နေထိုင်နေကြဆဲဖြစ်သည်ဟုလည်း ဆိုကြသည်။

“တခြားနေရာကို ပြောင်းနေရင်လည်း ကျနော်တို့ကို ဖိအားအမျိုးမျိုးပေးလာမယ်။ ဒီမှာရှိတဲ့ လူအများစုက ရေလုပ်သားတွေများတယ်။ ဂွဖက်နေတုန်းကလည်း ငါးဖမ်းခွင့်ပိတ်ထားလို့ ဘာမှမလုပ်ခဲ့ရဘူး။ အခုလည်း အလုပ်ရလိုရညားဆိုပြီး နေကြတာ။ အစတုန်းက ငါးဖမ်းကြတယ်။ နောက်ပိုင်း ငါးဖမ်းခွင့်ကိုလည်း ပိတ်လိုက်တယ်။ ကျနော်တို့ တော်တော်လေး အခက်ကြုံနေရတာ” ဟု ဂွစစ်ဘေးရှောင် နောက်တစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များမှာ ငါးဖမ်းခွင့်မရခြင်း၊ ကူညီထောက်ပံ့မှု မရရှိသည့်အပြင် စားသောက်ကုန်ဈေးနှုန်း မြင့်တက်ခြင်းတို့ကြောင့် မိသားစု နေထိုင်စားသောက်ရေးအတွက် အခက်ကြုံတွေ့နေကြရသည်။

တစ်ဖက်မှာလည်း စစ်ကောင်စီသည် ဧရာဝတီတိုင်းရောက် ၁၁/ မှတ်ပုံတင် ကိုင်ဆောင်ထားသည့် စစ်ဘေးရှောင်များကို လူအင်အားအလုံးအရင်းဖြင့် ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်းများ စစ်ဆေးနေသည်ဟု ဧရာဝတီရောက် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။

“အရင်ကဆိုရင် ရပ်ကွက်လူကြီး၊ ထွေ/အုပ်၊ ရဲသားအပါအဝင် အများဆုံး ၅ ယောက်ပေါ့နော်။ အခုက စစ်သားအပါအဝင် အယောက် ၂၀ လောက်စီပါတယ်။ ညည့်အချိန်ဆိုရင်လည်း လာစစ်ဆေးတယ်။ လုံခြုံရေးအတွက် အများကြီး စိုးရိမ်နေရပါတယ်” ဟု ပြောသည်။

ရခိုင်ဒေသအတွင်း မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် ကျန်နေသေးသည့် မြို့များကို သိမ်းပိုက်နိုင်ရေး မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ဆက်တိုက်ပြင်းထန်နေသည်။

ယင်းကြောင့် ရခိုင်ဒေသခံများမှာ ဧရာဝတီ၊ ရန်ကုန်အပြင် ပြည်မဘက်သို့ နည်းမျိုးစုံဖြင့် စစ်ဘေးတိမ်းရှောင်နေကြရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...