စစ်ရေးကြား ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှု လိုအပ်နေ

စစ်ရေးကြား ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများ ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှု လိုအပ်နေ
မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ မခိုင်ခိုင်မာကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။
မြေမြှုပ်မိုင်းကြောင့် ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ မခိုင်ခိုင်မာကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက တွေ့ရစဉ်။

စစ်ရေးပဋိပက္ခကြား လေကြောင်း၊ လက်နက်ကြီး၊ မိုင်းနှင့် စစ်ကျန်လက်နက်တို့ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများအတွက် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ လိုအပ်လျက်ရှိသည်။

ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများမှာ ချိုင်းထောက်၊ ခြေတုကဲ့သို့ အကူပစ္စည်းများမရှိသဖြင့် နေ့စဉ်လူမှုဘဝ သွားလာလှုပ်ရှားရေးတွင် အခက်အခဲများနှင့် တွေ့ကြုံနေရသည်။

မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရသည့် ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာမှ မခိုင်ခိုင်မာက “မိုင်းထိသွားလို့ ခြေတစ်ဖက်ပြတ်သွားပြီး ကျန်တဲ့တစ်ဖက်ကလည်း စတီးရိုးစိုက်ထားရတော့ စိတ်ရှိတိုင်း သွားလာလှုပ်ရှားလို့ မရသေးဘူး။ ဖြစ်နိုင်ရင်တော့ ကိုယ့်ဘာသာ သွားလာလို့ရအောင် ချိုင်းထောက်လိုချင်တယ်။ ငွေကြေးမတတ်နိုင်တော့ ဝယ်ဖို့မဖြစ်နိုင်သေးဘူး” ဟု ပြောသည်။

စစ်ရေးအကျိုးဆက်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးမှု၊ အမြင်အာရုံနှင့် အကြားအာရုံ ချို့ယွင်းမှုများကြောင့် မသန်စွမ်းဖြစ်သွားသူများမှာ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို ကြံ့ကြံ့ခံကာ ကျော်ဖြတ်နေကြရသည်။

မသန်စွမ်းဖြစ်သွားသူများထဲတွင် မိသားစုစားဝတ်နေရေးအတွက် ဦးဆောင်နေရသည့် အိမ်ထောင်ဦးစီး အမျိုးသားအများစုပါဝင်ပြီး အလုပ်အကိုင်ရှားပါးမှုနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် အကျပ်အတည်းများကို ရင်ဆိုင်နေကြရသည်။

“ကျနော်ဆိုရင် ဝပ်ရှော့လုပ်ဖို့တတ်ပေမဲ့ မိုင်းထိလို့ ခြေတစ်ဖက် ဆုံးရှုံးလိုက်ရတယ်။ အခုဆို အလုပ်မလုပ်နိုင်တော့ဘူး။ ခြေတုလိုမျိုး အထောက်အပံ့ရမယ့် ပစ္စည်းတစ်ခုခုသာရှိမယ်ဆိုရင် အလုပ်လည်း ပြန်လုပ်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာမှ ကိုထွန်းအေးသိန်းက ပြောသည်။

ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူများနှင့်ပတ်သက်၍ ယခင်စစ်ရေးကာအတွင်း နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်း အရပ်ဖက်အဖွဲ့များက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ ရှိခဲ့သော်လည်း လက်ရှိကာလတွင် မရှိသလောက် နည်းပါးနေသည်။

ဒေသတွင်း လူမှုကူညီရေးအဖွဲ့များမှာလည်း ငွေကြေးအခက်အခဲအပြင် လမ်းပန်းဆက်သွယ်ရေး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေမှုကြောင့် စစ်ရေးကြား ထိခိုက်နစ်နာသူများအတွက် ကူညီထောက်ပံ့ရန် စိန်ခေါ်မှုများ ရှိနေသည်။

ပုဏ္ဏားကျွန်းလူငယ် အစည်းအရုံးဥက္ကဌ ကိုပြည့်ဖြိုးနိုင်က “ကျနော်တို့မှာ ဘတ်ဂျက်အခြေအနေတွေ၊ ဆက်သွယ်ရေးပြတ်တောက်မှုတွေကြောင့် ကိုယ်တိုင်မကူညီနိုင်တဲ့အပိုင်းတွေဆိုရင် လက်လှမ်းမီသလောက် ချိတ်ဆက်ကူညီပေးတာတွေရှိတယ်။ လက်ရှိမှာတော့ မသန်စွမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ကူညီထောက်ပံ့မှုတွေ၊ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ဖန်တီးပေးဖို့ အများကြီး လိုအပ်နေပါသေးတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် မသန်စွမ်းသူများအဖွဲ့၏ စာရင်းအရ ရခိုင်ဒေသတွင် တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တိုက်ပွဲကာလ ၁၁ လတာအတွင်း မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မောင်တောမြို့နယ်တို့တွင် မသန်စွမ်းသူဦးရေ ၇၂၀ ကျော်အထိ တိုးလာနေသည်။

အမ်း - ပဒါန်းလမ်းပိုင်းတွင် ပျက်စီးနေသော စစ်ကောင်စီ ယာဉ်အား တွေ့မြင်ရစဉ်။ ဓာတ်ပုံ - Myanmar Now
March 26, 2026
မကွေး - ရခိုင်အစပ် အမ်း-ပဒါန်းလမ်းပိုင်းရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်အင်အား၊ လက်နက်ခဲယမ်း...
၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 25, 2026
နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ရှိ စုံလင်ကွဲပြားသည့်...
စစ်တွေလေဆိပ်အား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။
March 24, 2026
အမေရိကန်- အီရန် စစ်ရေး ဂယက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စက်သုံးဆီအခက်အခဲနှင့် ရင်ဆိုင်နေကြပြီး...
March 23, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း တစ်သောင်းတန် ငွေ စက္ကူအတုများ...