မောင်တောဒေသ ကျရှုံးမှုနှင့် ရခိုင် စစ်ရေးအခင်းအကျင်း

မောင်တောဒေသ ကျရှုံးမှုနှင့် ရခိုင် စစ်ရေးအခင်းအကျင်း
မောင်တောမြို့နယ်၊ အင်းဒင် နခခ (၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။
မောင်တောမြို့နယ်၊ အင်းဒင် နခခ (၆) ကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ။

အာရက္ခတပ်တော် (AA) သည် မောင်တောမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ရင်း - နခခ (၅) ကို ဒီဇင်ဘာလ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်သဖြင့် ရခိုင်အနောက်ဘက်ခြမ်း မောင်တောဒေသတစ်ခုလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

လက်ရှိ နခခ ၅ မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အာရက္ခတပ်တော်က လိုက်လံတိုက်ခိုက်နေသဖြင့် မောင်တောမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

နခခ - ၅ တွင်ရှိနေသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၅) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကိုလည်း တပ်ဖွဲ့ဝင်များနှင့်အတူ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတိုက်ခိုက်နေကြသော မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စက်လှေ၊ မော်တော်ဘုတ်များဖြင့် နတ်မြစ်တစ်လျှောက် ထွက်ပြေးရန် ကြိုးပမ်းနေ၍  နတ်မြစ် (ရခိုင်ရေပိုင်နက်) အတွင်း ရေကြောင်းခရီးသွားလာမှုကို ဒီဇင်ဘာလ ၈ ရက်နေ့၊ ညနေ ၃ နာရီမှစတင်ကာ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း AA က ထုတ်ပြန်ထားသည်။

မောင်တောဒေသသည် စစ်ကောင်စီအတွက် စစ်ရေး၊ စီးပွားရေးအရအပြင် ဂုဏ်သိက္ခာပိုင်းအရလည်း အရေးပါပြီး ထိုဒေသ မကျရှုံးရေးအတွက် မီးကုန်ယမ်းကုန် ခုခံတိုက်ခိုက်ခဲ့သော်လည်း အာရက္ခတပ်တော်၏ ပြင်းထန်သော ထိုးစစ်အောက်မှာ လက်လွှတ်ခဲ့ရသည်။

“ရခိုင်မြောက်ပိုင်းတခြမ်းလုံးက ပွဲပြီးသွားပြီ။ ကုန်သွယ်ရေး၊ သံတမန်ရေး၊ စစ်ရေးရော အင်မတန်အရေးကြီးတဲ့ ဘင်္ဂလားနယ်ခြားကို အပိုင်ရလိုက်ပြီဖြစ်တဲ့အတွက် ဘင်္ဂလီ (မွတ်ဆလင်) ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ကြီးစွာ အထောက်အကူရသွားပြီ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေ ဦးကြီးမြင့်က ပြောသည်။

အာရက္ခတပ်တော်က နယ်စပ်ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်၍ စစ်ကောင်စီပိတ်ဆို့ထားသည့်လမ်းကြောင်း ပွင့်သွားပြီဖြစ်ကာ နစ်မြစ်ကို အသုံးပြုခွင့်ရသွားပြီဖြစ်သဖြင့် စစ်ရေး၊ စီးပွားရေးအရ အားသာချက်ရှိသွားပြီဟု စစ်ရေးအကဲခက်သူတို့က ရှုမြင်ကြသည်။

လက်ရှိ ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့ကိုသာ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကာ အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့မှာလည်း မကြာခင် အာရက္ခတပ်တော်လက်ထဲ ကျရောက်သွားနိုင်မည့် အခြေအနေတွင်ရှိနေသည်။

အာရက္ခတပ်တော်အနေဖြင့် မောင်တောကို အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်၍ ရခိုင်မြောက်ပိုင်းက တစ်ခုတည်းကျန်ရှိနေသော စစ်တွေကို ချန်လှပ်ထားမည့် အခြေအနေမတွေ့ရကြောင်း စစ်ရေးအကဲခက်သူတို့က သုံးသပ်ကြသည်။

“အာရက္ခတပ်တော်ဘက်ကတော့ ရခိုင်ပြည်မှာ တစ်ခုလည်းမကျန်အောင် တိုက်ခိုက်သွားမယ်လို့ ပြောဆိုပြီးသားဖြစ်တယ်။ ဒါကြောင့် စစ်ရေးဗျူဟာအရ တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမှာပဲ။ မောင်တောပြတ်ရင်တော့ စစ်တွေကို ပိုပြီးအာရုံစိုက်လာလိမ့်မယ်” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်း DMG သို့ ပြောကြားထားသည်။

ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်မြို့နယ်က မြို့နယ် ၁၁ ခုအပါအဝင် တောင်ကုတ်၊ အမ်းမြို့တို့ကို ထိန်းချုပ်ထားပြီလည်းဖြစ်သည်။

အာရက္ခတပ်တော်၏ အရှိန်မြှင့်ထိုးစစ်များနှင့်အတူ နပခ တစ်ခုလုံးမှာလည်း မကြာမီအချိန်အတွင်း ကျသွားနိုင်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

နပခကျဆုံးသွားပါက ရခိုင်စစ်မျက်နှာတွင် စစ်ကောင်စီ၏ စစ်ဦးကျိုးသွားမည်ဖြစ်ပြီး ရခိုင်ဒေသတစ်ခုလုံးမှာလည်း လွတ်မြောက်ရေးအတွက် ရာနှုန်းပြည့် သေချာနေပြီဖြစ်ကြောင်း အကဲခက်သူတို့က ရှုမြင်ထားကြသည်။

Most read this week

January 24, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မြို့နယ်များတွင် ဘိန်းစာရွက်ကို အရည်ကြိုပြီး အာဆီယံ မူးယစ်ဆေးဝါးအဖြစ်...
January 23, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ဒေသရှိ ကလေးသူငယ်များမှာ ရာသီဥတုပြောင်းလဲမှုနှင့်အတူ ယခု...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်က ကျောက်တော်မြို့နယ် ချောင်းတူ အကျဉ်းစခန်းကို စစ်ကောင်စီ ဗုံးကြဲပြီးနောက်ပိုင်း မြင်တွေ့ရသည့် သုံ့ပန်းမိသားစုဝင်များ။
January 22, 2026
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ...
ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း တရားမဝင်ခုတ်လှဲထားသော သစ်ပင်တချို့ကို ၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။
January 21, 2026
ရခိုင်ဒေသအတွင်း သစ်အရောင်းအဝယ်ဈေးကွက်တွင် ဈေးနှုန်းအဆမတန် မြင့်တက်နေပြီး ဝယ်ယူဆောက်လုပ်သူလည်း...