ညောင်ရွှေမြို့ရောက် စစ်ရှောင်များကို လာမည့် မတ်လကုန် နေရပ်သို့ အပြီးပြန်နေခိုင်း

ညောင်ရွှေမြို့ရောက် စစ်ရှောင်များကို လာမည့် မတ်လကုန် နေရပ်သို့ အပြီးပြန်နေခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လာမည့်နှစ် မတ်လတွင် ၎င်းတို့၏နေရပ်သို့ အပြီးပြန်နေခိုင်းကြောင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက အကြောင်းကြားထားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ တတိယအပတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများကိုခေါ်ယူ၍ ညောင်ရွှေမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် တည်းခိုနေသည့် စစ်ရှောင်ပြည်သူများကို လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လကုန်ပိုင်းတွင် မိမိနေရပ်သို့ ပြန်နေခိုင်းကြောင်း လွိုင်ကော်စစ်ရှောင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့လက တတိယပတ်ကပဲ အုပ်ချုပ်ရေးမှူးရုံးက ရပ်ကွက်လူကြီးတွေခေါ်ပြီး အစည်းဝေးလုပ်တယ်။ လာမယ့် မတ်လကုန်ရင် နေရပ်ပြန်ခိုင်းတယ်လို့ပြောတယ်။ ဘုန်းကြီးကျောင်းမှာ တည်းတာပိုများတာကြောင့်လား မသိဘူး။ ကျမတို့လည်း နေစရာမရှိလို့သာ နေနေရတာ။ ဖြစ်နိုင်ရင် ကိုယ့်အိမ်ကိုပဲ နေချင်တာပေါ့” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနစ်တွင်လည်း ညောင်ရွှေအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်လူကြီးများ အစည်းအဝေးပြုလုပ်ခဲ့ပြီး စစ်ရှောင်များကို နေရပ်သို့ ပြန်ခိုင်းသေးသည်။

သို့သော် ထိုအချိန်က လွိုင်ကော်မြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဘုန်းကြီးကျောင်းတွင် ဆက်လက်နေထိုင်ရန် ဆရာတော်က ခွင့်ပြုထားခြင်းကြောင့်သာ ဆက်နေရကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဉီးက ယခုလို ထပ်လောင်းပြောသည်။

“မနှစ်ကလည်း အဲလိုပဲ အစည်းဝေးခေါ်ပြီး နေရပ်ကိုပြန်ခိုင်းတယ်။ ဟိုမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်။ ပြန်လို့မရသေးဘူးဆိုပြီး ဆရာတော်က ထပ်နေဖို့ ခွင့်ပြုထားတယ်။ တချို့ကလည်း အိမ်တွေအကုန်ပျက်ပြီး မီးရှို့ခံရတဲ့အိမ်တွေလည်း နည်းတာမဟုတ်ဘူး။ အခုတောင် စားဖို့ မနည်းရုန်းကန်နေရတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် “၁၁.၁၁ စစ်ဆင်ရေး” ကြောင့် စစ်ဘေးရှောင်အချို့သည် ဘေးလွတ်ကင်းရာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်သူရှိသကဲ့သို့ တိမ်းရှောင်ရန်ခက်ခဲနေသည့် ပြည်သူများသာ ၎င်းမြို့အနီးတဝိုက်ရှိ တောထဲတွင် တဲထိုးပြီး နေထိုင်နေရကြောင်း ၎င်းစစ်ဘေးရှောင်အမျိုးသမီးက ဆက်ပြောသည်။

ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသော်လည်း သက်ကြီးရွယ်အိုအချို့သည် လေဖြတ်ရောဂါဝေဒနာကြောင့် ပိုမိုဒုက္ခရောက်နေသည်ဟု သိရသည်။

“စစ်အာဏာသိမ်းပြီး “၁၁.၁၁” စစ်ဆင်ရေးကတည်းက ဘေးလွတ်ရာကို ပြေးကြတယ်။ အဆင်ပြေတဲ့နေရာရှာပြီး နေနေကြတာပဲ၊ တချို့လည်း တောထဲမှာပဲနေတယ်။ ဒီသက်ကြီးရွယ်အိုတချို့ဆို လေဖြတ်ရောဂါဝေဒနာကို ပိုခံစားနေရတယ်။ ကုဖို့ အဆင်မပြေရင်လည်း ဒီတိုင်းလေးပဲထားထားရတဲ့ အခြေနေမျိုးလည်းရှိတယ်” ဟု ၎င်းကပြောသည်။

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင်သည် အလုပ်ကိုင်ရှားပါးခြင်းများကို ကြုံတွေ့နေရပြီး အလှူရှင်မရှိသည့်အတွက်ကြောင့် စားနပ်ရိက္ခာများကို ချေးငှား၍ စားသုံးနေရကြောင်း သိရသည်။

February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...
February 27, 2026
ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ်...
February 26, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု...
February 25, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတွင် အီးစီးကရက် တင်သွင်း၊ရောင်းဝယ်...