သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက် လာကာ နေအိမ်များနှင့် လယ်ကွက်များ ရေနစ်မြှုပ်ကုန်သည်။
ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ်အတွင်းရှိ နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ နေအိမ်အချို့နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း လားရှိုးမြို့ခံမျာက ပြောသည်။
လားရှိုးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက “ဒီနမ့်ယောင်ချောင်းက မိုးဆက်တိုက်ရွာလို့ ရေကြီးတာပါ။ ချောင်းတစ် လျှောက်မှာရှိတဲ့ မြေနိမ့်ပိုင်းက ရွာတွေလည်း ရေဝင်တယ်။ စပါးခင်းတွေလည်း မြှုပ်ပါတယ်။ အခုထိတော့ ပျက် စီးမှုစာရင်း အတိအကျရဖို့ ခက်နေသေးတယ်။ အဲ့ချောင်းဘေး ဖွင့်ထားတဲ့ ဆိုင်တွေဆိုလည်း မြင်တောင် မမြင်ရတော့ဘူး” ဟု ပြောသည်။
ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် ခေးခမ်းကျေးရွာဘက်ရှိ နေအိမ်အချို့မှ ဒေသခံများသည် ဘေးလွတ်ရာနေရာများနှင့် အသိဆွေမျိုးများထံသို့ ယာယီပြောင်းရွှေ့နေထိုင်နေကြရကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။
“လားရှိုးမြို့ပဲ မဟုတ်ဘူး။ ဒီရက်ပိုင်းက မြို့တိုင်းလိုလိုကို မိုးက ဆက်တိုက်ရွာနေတာ။ ချောင်းရေတွေကလည်း တက်ပြီးလေ အဲ့တော့ ရေတွေက ဝင်တယ်။ မြေနိမ့်ပိုင်းမှာ နေတဲ့တချို့အိမ်တွေကတော့ အသိဆွေမျိုးဆီကို ခဏပြောင်းရွှေ့ပြီးတော့ နေနေရတာ။”
ထို့ပြင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် သီပေါမြို့နယ်အပါအဝင် မြို့နယ် အချို့တွင်လည်း စပါးခင်းများ ရေနစ်မြှုပ်ခြင်း၊ မြေပြိုမှုများ ဖြစ်ပွားခြင်းနှင့် ပြည်ထောင်စုလမ်းမကြီးပေါ်သို့ ရေကျော်ခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့ကလည်း မိုးဆက်တိုက်ရွာသွန်းခြင်းကြောင့် လားရှိုးမြို့နယ်၊ နမ့်ပေါင် ဒေသတွင် နမ့်ပေါင်ချောင်းရေ မြင့်တက်ကာ ကမ်းပါးကျော်လွန်၍ လယ်ကွက်များ၊ လမ်းများနှင့် ချောင်းနံဘေးရှိ နေအိမ်အချို့ ရေနစ်မြုပ်ခဲ့သေးသည်။







