သျှမ်းပြည်တောင်ပိုင်းသို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် လက်ရှိမိုးရာသီ ကာလအတွင်း ရာသီ တုတ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက သျှမ်း - ကရင်နီနယ်စပ်၊ မိုးဗြဲနှင့် ဖယ်ခုံဘက်တို့တွင် စစ်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံများသည် နီးစပ်ရာ စစ်ရှောင် စခန်းများနှင့် ပင်လောင်း၊ တောင်ကြီး၊ အေးသာယာ စသည့်မြို့များဘက်သို့ ထွက်ပြေးတိမ်းရှောင် လာခဲ့ကြရခြင်း ဖြစ်သည်။
စစ်ဘေးရှောင်များ နေထိုင်ရာနေရာများသည် အများအားဖြင့် ချုံနွယ်များထူထပ်ပြီး ရေမြောင်းများ ပိတ်ဆို့နေ ခြင်းကြောင့် ခြင်ပေါများကာ ခြင်ကိုက်ခံရခြင်းကြောင့် ရာသီတုတ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနေကြခြင်းဖြစ်ကြောင်း စစ်ရှောင်များ၏ ပြောပြချက်အရ သိရသည်။
အေးသာယာရောက် စစ်ဘေးရှောင်အမျိုးသားတစ်ဦးက “ရှောင်လာတဲ့သူတွေတော့ ၁၀၀ နီးပါးလောက်ရှိမယ်။ မိုးရာသီဆိုတော့ ခြင်လည်း တအားပေါတယ်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ တုတ်ကွေးဖြစ်တာတွေ များတယ်၊ ကလေးနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးပိုင်းတွေ ဖြစ်တာ ပိုများတယ်။ ဆေးကုတာတော့ အဖွဲ့အစည်းက လာကုပေးတယ်။ စားသောက်ဖို့တော့ ကူညီပေးတဲ့သူ မရသေးဘူး” ဟု ပြောသည်။
အဆိုပါစစ်ဘေးရှောင်များသည် စစ်ရှောင်တဲများတွင် နေထိုင်ကြသကဲ့သို့ အချို့မှာ ငှားရမ်းနေထိုင်ကြရပြီး စားနပ်ရိက္ခာအတွက် အကူအညီများ အရေးတကြီး လိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ရှောင်များမှာ ပြောင်းရွှေ့လာခဲ့သည်မှာ လပိုင်းသာရှိသေးပြီး နေ့စားလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် နယ်မြေအခြေအနေများကို မသိရှိသေးသဖြင့် အလုပ်အကိုင် အခွင့်အလမ်း မရှိသေးသည့်အပြင် ကလေးငယ် များမှာလည်း ကျောင်းပညာရေးအတွက် ခက်ခဲလျက်ရှိနေသည်။
တောင်ကြီးရောက် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ပြောင်းလာတာ မကြာသေးတော့ ဘာမှမလုပ်ရသေး ဘူး။ နေ့စားခေါ်မယ့်သူလည်းမရှိဘူး၊ လာကူတဲ့သူလည်း မရှိတော့ စားဝတ်နေရေးခက်ခဲတယ်။ ဝင်ငွေမရှိ၊ ထွက်ငွေပဲရှိတော့ အလုပ်လုပ်ချင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ရပ်ကွက်လူကြီးအချို့နှင့် အုပ်ချုပ်ရေးမှူးများက စစ်ရှောင်များ ရောက်ရှိလာခြင်းကို အခွင့်ကောင်းယူကာ အိမ်ငှားခဈေးမြှင့်တင်ခြင်း၊ ဧည့်စာရင်းကို နှစ်ပတ်တစ်ကြိမ် တိုင်ကြားစေကာ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေကြကြောင်းလည်း ၎င်းက ဆက်ပြောပြသည်။
အဆိုပါစစ်ရှောင်အမျိုးသမီးက “ဝင်ငွေကမရှိ၊ အိမ်ငှားခလည်း ဈေးတက်၊ ဧည့်စာရင်းကလည်း တိုင်ရင် ပိုက် ဆံ ပေးရတယ်။ နောက်တစ်ခုက စစ်ရှောင်တွေကို အသုံးချပြီး စစ်မှုထမ်းကောက်တာပဲ။ ကျမတို့လည်း ဘယ် လာချင်မှာလဲ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း တောင်ကြီးမြို့နယ် အတွင်းသို့ ကရင်နီပြည်ဘက်မှ လာရောက် စစ်ရှောင် နေကြသူများကို စစ်တပ်က နေရပ်သို့ အတင်းအကျပ် ပြန်ကြရန် ဖိအားပေးခြင်း၊ မပြန်ပါက အိမ်ခြံမြေများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ပြောဆိုနေခြင်းတို့ကြောင့် နေရပ်သို့ ပြန်သွားကြရသူများလည်း ရှိခဲ့သည်။







