ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မြောက်ပိုင်းတွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာကာ ဒေသခံအရပ်သားများကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်မှ စတင်ကာ စစ်တပ်သည် ရွာငံမြို့နယ်မြောက်ပိုင်းသို့ စစ်အင်အား အလုံးအရင်း ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာမှ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နှင့် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့နောက် ရွာငံမြို့မြောက်ဘက်ရှိ ကျေးရွာတစ်ရွာမှ ဒေသခံအမျိုးသား ၁၀ ဦးကျော်ကို ဩဂုတ်လ ၂ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး တိုက်ပွဲရှေ့တန်းစစ်ကြောင်းသို့ ပို့ဆောင်ခြင်းနှင့် တပ်စွဲထားသည့်နေရာများသို့ ခေါ် ဆောင်သွားခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက “အခုက စစ်တပ်က ရွာသားတွေကို ခေါ်ရင် တစ်ရွာနဲ့တစ်ရွာ မတူဘူး။ ဟိုဘက်ရွာ ဒီဘက်ရွာ ခွဲခေါ်တာ။ ကျနော်သိရသလောက်က ၁၀ ယောက်ရှိတယ်။ စစ်ကြောင်း ရှေ့တန်းပို့တာ။ ရွာထဲတစ်ခါဝင်ရင်လည်း စစ်သား ၁၀၀ ကျော်ရှိတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

စစ်တပ်၏ စစ်ကြောင်းရှေ့တန်းသို့ ခေါ်ဆောင်သွားခံရသူများကို လူသားဒိုင်းအဖြစ် အသုံးပြုနေပြီး၊ ငွေကြေး တတ်နိုင်သူအချို့မှာ ရှေ့တန်းမလိုက်လိုပါက ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းခြင်း၊ လူစားထိုးအနေဖြင့် ဒေသခံ အမျိုးသားများကို ထပ်မံဖမ်းဆီးမှုများလည်း ရှိနေသည်။

ရွာငံမြို့နယ်အတွင်း စစ်တပ်က နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုးကာ အရပ်သားများကိုပါ ဖမ်းဆီးနေခြင်းကြောင့် ဒေသခံများမှာ ခြံဝင်းများသို့ မသွားရဲကြတော့ဘဲ နေ့စားအလုပ်များလည်း မလိုက်ရဲကြတော့ကြောင်း ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုတလောက စစ်ကြောင်း ခဏခဏလာတယ်၊ ခြံတောင် မသွားရဲဘူး။ တောထဲမှာလည်း စစ်သားတွေ အများကြီးတွေ့ရတော့ တော်ကြာ ခေါ်ပြီး တစ်ခုခုလုပ်မှာလည်း စိုးရိမ်ရတယ်။ လူတွေလည်း ခဏခဏ ဖမ်းခံနေတော့ အိမ်မှာနေရတာလည်း ကျီးလန့်စာစား နေရသလိုပဲ၊ ညတောင် ကောင်းကောင်းအိပ်မပျော်ဘူး။”

စစ်တပ်၏ စစ်ကြောင်းထိုးလာမှုကြောင့် စစ်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) အကြား စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲများ ထပ်မံပြင်းထန်လာမည်ကို စိုးရိမ်နေကြရသဖြင့် ဒေသခံများအနေဖြင့် အသွားအလာ ဆင်ခြင်နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းကလည်း ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ ဆင်ဆာပြား ကျေးရွာအနီးတွင် စစ်တပ်နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်းနှင့် ဒေသခံများ ကို ဖမ်းဆီးရိုက်နှက်ခြင်းများကို မကြာခဏ လုပ်ဆောင်လာနေခြင်း ဖြစ်သည်။

ရွာငံမြို့နယ်အတွင်း၌ စစ်တပ်၊ စစ်တပ်လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်၊ ဓနုအမျိုးသား လွတ်မြောက်ရေးတပ်ဦး (DPLA/DPLF) နှင့် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) စသည့် အဖွဲ့အစည်းများ လှုပ်ရှားသွားလာလျက်ရှိသည်။

Most read this week

သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...