မိုင်းရယ်မြို့ စက်သုံးဆီများ စတင်ပြတ်လပ်၊ သယ်ယူသည့် ကုန်ပစ္စည်းများ ထောက်ခံစာပြရ

မိုင်းရယ်မြို့ စက်သုံးဆီများ စတင်ပြတ်လပ်၊ သယ်ယူသည့် ကုန်ပစ္စည်းများ ထောက်ခံစာပြရ

သျှမ်းပြည် မိုင်းရယ်မြို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေပြီး ကုန်ပစ္စည်းများကို ထောက်ခံစာပြ၍ သယ်ယူနေရကြောင်း စုံစမ်းသိရသည်။

မိုင်းရယ်မြို့တွင် နိုဝင်ဘာလ တတိယပတ်မှ စတင်၍ စက်သုံးဆီများ စတင်ပြတ်လပ်နေပြီး မြို့အတွင်းသို့ စက်သုံးဆီများ တင်သွင်းရန် ခက်ခဲနေကြောင်း အသက် (၄၀) နှစ်ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုင်းရယ်မှာတော့ လယ်ထွန်စက်တွေအတွက် စက်သုံးဆီတွေရဖို့ ရှာဝယ်ရခက်နေပြီ။ တောင်ကြီးတစ်လမ်းပဲကျန်တာ။ စစ်ကောင်စီဂိတ်တွေကတော့ ကန့်သတ်ကုန်စည်တွေ လုံးဝပေးမသွားတာပါ။ စက်သုံးဆီတွေက တင်လာဖို့က မလွယ်ဘူး၊ ဂိတ်တွေမှာ စကားပြောရတယ်”ဟု ၎င်းဒေသခံ အမျိုးသားက ပြောဆိုသည်။

မိုင်းရယ်မြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်မှ စတင်ပြီး ဖြတ်သန်းသွားလာသော ကားများမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းများကို ထောက်ခံစာပြ၍ သယ်ယူနေရကြောင်း မိုင်းရယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောဆိုသည်။

“ထောက်ခံစာတွေလည်း ပြရတာပေါ့။ ထောက်ခံစာတွေ တောင်းပြီး သွားရတာပေါ့။ တိုင်းမှူးတွေ၊ ဗျူဟာမှူးတို့စီမှာ ခွင့်တောင်း၊ ထောက်ခံစာတောင်းပြီးမှကို သွားရတာပေါ့။ အကြောင်းရင်းတွေလည်း ပြောရတာ၊ ဘာလို့ ဒါတွေ သယ်လာလဲ ဆိုတာကအစပေါ့။ ရောင်းဝယ်ရေး သွားရေးလာ‌ရေးအတွက်က ခက်တယ်။ အခုက တော်တော်လေး ခက်သွားပြီ” မိုင်းရယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့မှ သျှမ်းပြည်မြောက်ပိုင်းသို့သွားရာ ရပ်စောက်-ကျောက်ဂူလမ်းကို နိုဝင်ဘာလ (၁၂) ရက်မှ စတင်ပြီး စစ်ကောင်စီတပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားသည်။

သျှမ်းပြည် တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ မြို့ကြီးများကို သွားရောက်နိုင်ရန် ရပ်စောက်မြို့နှင့် မိုင်းကိုင်မြို့တို့ကို ဖြတ်သန်းသွားသည့် လမ်းမကြီးများသည် ကုန်တင်ယာဉ်အသုံးပြုမှုများပြားပြီး စစ်ကောင်စီလက်အောက်ခံ ဂိတ်များမှ ကုန်စီးဆင်းမှု တားမြစ်ပိတ်ပင်လိုက်သဖြင့် ခရီးသွားများ နှင့် ဒေသခံပြည်သူများ ပိုမိုဒုက္ခရောက်နေရသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့ကြီးများကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်းဖြင့် ဒေသနေ ပြည်သူများကို စားနပ်ရိက္ခာ ဖြတ်တောက်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုသည်။

February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...
February 27, 2026
ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ်...
February 26, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု...
February 25, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အပါအဝင် မြန်မာနိုင်ငံတွင် အီးစီးကရက် တင်သွင်း၊ရောင်းဝယ်...