လှိုင်းဘွဲမြို့နယ်တွင် ကိုယ်စားစစ်မှုထမ်းဆောင်သူများအတွက် တစ်အိမ်လျှင် (၅) သောင်းကျပ်စီ ထည့်ဝင်ရ

လှိုင်းဘွဲမြို့နယ်တွင် ကိုယ်စားစစ်မှုထမ်းဆောင်သူများအတွက် တစ်အိမ်လျှင် (၅) သောင်းကျပ်စီ ထည့်ဝင်ရ

ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက် ကိုယ်စားစစ်မှုထမ်းဆောင်မည့်သူများအား ထောက်ပံ့ကြေးငွေဟုဆိုကာ သက်ဆိုင်ရာရပ်ကွက်အလိုက် အိမ်ထောင်စုတစ်စုလျှင် (၅) သောင်းကျပ်စီ ထည့်ဝင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်မှုထမ်းအပတ်စဥ် (၇) သင်တန်းအတွက် လှိုင်းဘွဲမြို့နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့် ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရန် လူဦးရေ(၁၀၀)ကောက်ခံရေးကို ပြီးခဲ့သည့် နိုဝင်ဘာလဆန်းပိုင်းက စစ်ကောင်စီမှ မြို့နယ်တာဝန်ရှိသူများထံ ညွှန်ကြားထားခြင်းဖြစ်သည်။

ထိုညွှန်ကြားချက်အရ လှိုင်းဘွဲမြို့ပေါ် ရပ်ကွက် (က)၊ (ခ)၊ (ဂ)၊ (ဃ) စသည့် ရပ်ကွက် (၄) ခုမှ တစ်အိမ်လျှင် ကျပ်ငွေ (၅) သောင်းစီ ပေးဆောင်ရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများက လိုက်လံ ကောက်ယူနေခြင်းဖြစ်ကြောင်း မြို့ခံများကဆိုသည်။

မြို့ခံအမျိုးသမီးတစ်ဦးက “လက်ရှိမှာ (က)ရပ်ကွက် နဲ့ (ခ)ရပ်ကွက် မှာ လိုက်ကောက်နေပြီ။ ရပ်ကွက်ထဲမှာက တစ်နေ့လုပ်တစ်နေ့စားသမားတွေ အများကြီးပဲလေ။ သူတို့ ငါးသောင်း ဘယ်လိုထည့်နိုင်မလဲ။ သွားရင် သိန်းဆယ်ချီလောက်ရမယ် ဆိုတော့ ရပ်ကွက်ထဲက တချို့နေ့စားလုပ် သူတွေက အဲဒါနဲ့ပဲ လုပ်စားပြီး သွားချင်ကြတာ ရှိတယ်။ ရပ်ကွက်တစ်ခု အိမ်ခြေ (၁၀၀) တောင်မကရှိတော့ သိန်း (၅၀) မက ရမယ်။ “ ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ၏ ၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူချက်တွင် ဖော်ပြချက်အရ လှိုင်းဘွဲမြို့နယ်ရှိ ရပ်ကွက်တစ်ခုချင်းစီ၏ လူဦးရေသည် (၅၀၀) မှ (၈၀၀) ကြား ရှိသည်။

လူသစ်စုဆောင်းရာတွင် လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်(၄)ခုအတွက် သက်ဆိုင်ရာ ရပ်ကွက်အလိုက် အမျိုးသား(၁)ဦးစီ မဖြစ်မနေ ပို့ဆောင်ရမည်ဟုလည်း စစ်ကောင်စီမှ ညွှန်ကြားထားကြောင်း မြို့တွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ထို့အတူ စစ်ကောင်စီ၏ စစ်မှုထမ်းလိုအပ်ချက်ကို ပြည့်မီရန် ယခင်ထုတ်ပြန်ထားသည့် မြို့နယ်အတွင်း ည(၁၀)နာရီ နောက်ပိုင်း လမ်းပေါ်မထွက်ရအမိန့်ကို ကျူးလွန်သူများအား စစ်ကောင်စီက ဖမ်းဆီး၍ တပ်သားအင်အားစုဆောင်းသွားမည့် သတင်းလည်းထွက်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...