ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၌ စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ ဖမ်းဆီးခံရ

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ၌ စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံများ ဖမ်းဆီးခံရ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက နိုဝင်ဘာ ၇ ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံနှစ်ဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသသို့ နိုဝင်ဘာ ၇ ရက်နေ့မှစ၍ အင်အား ၁၀၀ ဝန်းကျင်ပါ  စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး နိုဝင်ဘာ ၉ ရက်နေ့တွင် ဒေသခံ ၂  ဦးကို ယခုလို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဖမ်းခံထိတဲ့လူတွေ ပြန်လွတ်လာတာတော့ မတွေ့ရသေးဘူး။ ရွာမှာတော့အကုန် စစ်ဘေးရှောင်နေရတယ်။ စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေပစ်တာဆိုတော့ ဒေသခံတွေအကုန် ဘေးလွှတ်ရာကိုရှောင်နေကြရတာပဲ။ အများစုကတော့ အရင်ကစစ်ကြောင်းထိုးရင် ထားဝယ်ဘက်က ကြက်စားပြင်ရပ်ကွက်မှာ သွားရှောင်ကြတယ်။ အဲ့ဘက်မှာ စစ်ဘေးရှောင်အများစုနေကြတာ” ဟု ၎င်းက ကေအိုင်စီသို့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ပြောသည်။

အဆိုပါစစ်ကြောင်းကြောင့် နဘုလယ်ကျေးရွာ၊ လဲရှောင်ကျေးရွာ၊ ပရဒတ်ကျေးရွာနှင့် မူးဒူးရွာ စသည့် ကျေးရွာများမှ ဒေသခံထောင်နှင့်ချီ နီးစပ်ရာတောတောင်များအတွင်းသို့  ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အခြားဒေသခံ တစ်ဦးကလည်း “အခုချိန်ထိ စစ်ရှောင်နေရတုန်း။ နေရာထိုင်ခင်း အခက်ခဲတွေရှိပါတယ်။ တချို့တွေကျတော့လည်း မြို့ပေါ်က အသိအိမ်တွေမှာ နေကြတယ်။ အိမ်တွေငှားပြီး နေထိုင်ကြတာလည်းရှိတယ်”ဟု ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၅ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ ရဲစခန်းအတွင်းသို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ မောင်းမကန်ရွာမှတစ်ဆင့်နေ ရေဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့တွင်လည်း ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒေသခံလေးဦးကို သတ်ဖြတ်ခဲ့သည်ဟု  ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ထုတ်ပြန်ပြောဆိုထားသည်။

May 30, 2026
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ညအချိန် ဆိုင်ကယ်များကို ဆူညံစွာ...
Photo: กิตติศักดิ์ บุญจันทร์ FB
May 29, 2026
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊ မြဝတီ-မဲဆောက် အမှတ် (၂) ကုန်သွယ်ရေးတံတားကို မေလ ၂၈ ရက်...
May 29, 2026
နန်းဝေဖြိုးဇာ — ‘တိုင်းပြည်၏ အနာဂတ်’ ဟု တင်စားခံရသည့် လူငယ်များသည် လမ်းမများပေါ်ရှိ...
CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...