တိုက်ပွဲကြောင့် တိမ်းရှောင်နေတဲ့ ဖယ်ခုံစစ်ဘေးရှောင်တွေ တဲဆောက်လုပ်ဖို့ အကူအညီလိုအပ်နေ

တိုက်ပွဲကြောင့် တိမ်းရှောင်နေတဲ့ ဖယ်ခုံစစ်ဘေးရှောင်တွေ တဲဆောက်လုပ်ဖို့ အကူအညီလိုအပ်နေ

တိုက်ပွဲဖြစ်ပွားနေတဲ့ ပင်လောင်းမြို့နယ်နဲ့ နီးစပ်တဲ့ ဖယ်ခုံမြို့နယ်ထဲက ကျေးရွာဒေသခံတွေဟာ စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှာကို စိုးရိမ်တာကြောင့် ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းကို တိမ်းရှောင်နေကြပြီး တဲဆောက်လုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ပထမပတ်မှာ တိမ်းရှောင်လာကြတာဖြစ်ပြီး လက်ရှိ လတိန်ကျေးရွာအုပ်စုက စစ်ရှောင်စခန်းတွေမှာ တဲအိမ်ဆောက်လုပ်နေထိုင်ဖို့ အမိုးအကာ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်စဉ်က ပါလာတဲ့ မိုးကာအဟောင်း ၊ ဝါးအဟောင်းတွေနဲ့သာ တဲပြန်ဆောက်တာကြောင့် မလုံခြုံဘူးလို့ ဆိုပါတယ်။

“မိုးကာကလဲ မလောက်မငှ အစုတ်အပြတ်နဲ့ပဲ ကာပြီးမှ အိပ်ရတယ်ပေါ့။”လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

နေထိုင်တဲ့ ကျေးရွာမှာ တိုက်ပွဲမဖြစ်ပွားသေးပေမယ့် လေယာဉ်ပျံဝဲတာ နေ့စဉ်ကြားရပြီး လက်နက်ကြီး ပစ်ခတ်မှုလည်း ရှိတာကြောင့် တိမ်းရှောင်ခဲ့ကြတယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

"အဲ့မှာက ညနေပိုင်းရောက်ရင် လေယာဉ်တွေဝဲလာပြီဆိုရင် ဗုံးတွေလာချ နောက် သေနတ်သံကော ဟိုဖက်က ၃၃၆ ( ဖယ်ခုံအခြေစိုက် ခမရ ၃၃၆)ကနေ ထုလာတော့ လန့်တယ်ပေါ့နော်။ တစ်ရက်လည်းကြားရ နှစ်ရက်လည်းကြားရဆိုတော့ အဖွားလည်း နှလုံးမကောင်းဘူးလေနော်။ မရတော့ဘူး ဆိုပြီးတော့ ကလေးကိုခေါ်ပြီး ဒီမှာ ထွက်လာတာပေါ့" လို့ သူက ဆိုပါတယ်။

ဖယ်ခုံ - ပင်လောင်းနယ်စပ်ကကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားကာ ရွာခံတွေလည်း တိမ်းရှောင်ရပြီး ဆန် ၊ အမိုးအကာ မပါလာတာကြောင့် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တချို့ကတော့ လက်ရှိမှာ ကြုံရာကျပန်း အလုပ်လုပ်ပြီး စားဝတ်နေရေးဖြေရှင်းသူလည်း ရှိနေပါတယ်။

" သူများအိမ်မှာပဲနေတယ်ကော။ အမျိုးအိမ်ပဲဆိုတော့ ထောက်ပံ့ကြေးမရဘူး ။ မရတော့ မိုးကာလည်းမရှိဘူးပေါ့။ အခု ကိုယ်ပိုင်တဲလာဆောက်တော့ မိုးကာလည်း မရှိဘူး။ အခင်းလည်း မရှိဘူး။ စားဝတ်နေရေးက လယ်လည်းမရှိ ယာလည်း မရှိဆိုတော့။ စားဝတ်နေရေးက ခုကြုံသလိုပေါ့ သူများအလုပ်ခေါ်ရင် လိုက်မယ်ပေါ့။" လို့ ထပ်ဆင့် တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောပါတယ်။

ငွေကြေးမရှိတာကြောင့် ထွက်ပြေးတိမ်းရှောင်စဉ်က ပစ္စည်းတင်ဖို့ ငှားရမ်းလာတဲ့ ယာဉ်ခလည်း မပေးနိုင်သေးဘူးလို့ သူက ပြောပါတယ်။

ဖယ်ခုံ - ပင်လောင်းနယ်စပ်က ကျေးရွာတွေနဲ့ အနီးအနားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ တစ်လကျော်ကြာမြှင့်နေပြီး  ဒေသခံတွေအပြင် ထပ်ဆင့်တိမ်းရှောင်ရတဲ့ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းနဲ့ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းမှာ တိမ်းရှောင်နေကြပါတယ်။

ဖယ်ခုံ - ပင်လောင်း နယ်စပ်က ကဘဲ၊ ပူချယ်၊ လွယ်ပတာ၊ ဆောင်လန်၊ ဟိုဝိုး၊ ဒေါပေါ်ကလဲ၊ ဟိုဖယ်၊ ဗန်းမောက်၊ ကုန်းပေါ စတဲ့ ကျေးရွာအပြင် ဖယ်ခုံမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

June 6, 2026
စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools...
ဓါတ်ပုံ- KNDF
June 5, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့မတ်လနဲ့...
June 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာတရွာမှာ ကယားရိုးရာ “လာလီခူ” လို့ အမည်ရတဲ့...
မေလ ၁၃ ရက်နေ့က ဒေါငံခါးမှာ စစ်ကော်မရှင်ကနေ သီလရှင်ကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့မြင်ကွင်း
June 3, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ မေလ တစ်လအတွင်း ပြည်သူ့နေအိမ် နဲ့ ယာဉ်...