မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ သည့် ဝန်ထမ်းများကို စစ်အုပ်စုက Blacklist (နာမည်ပျက်စာရင်း) သွင်းထားသည့်အပြင်၊ တစ်ဖက်တွင်လည်း အသက်အန္တရာယ်များနှင့် ရင်ဆိုင်နေရသူများ ရှိကြောင်း CDM ကောင်စီ လှုပ်ရှားသူများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် အွန်လိုင်းမှတစ်ဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ် ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု ကောင်စီ (KSCSC-CDM) အပါအဝင် CDM အင်အားစုများ တွေ့ဆုံဆွေးနွေးစဉ် အဆိုပါအကြောင်းအရာကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် CDM ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရေးနှင့် လုံခြုံရေးဆိုင်ရာ အာမခံချက်ရှိစေရန် အခန်းကဏ္ဍ အပါအဝင် အချက် ၉ ချက်ကို ဆွေးနွေးတင်ပြ တောင်းဆိုခဲ့ကြသည်။
KSCSC-CDM ၏ တာဝန်ရှိသူ ဦးသန်းကျော်ဦးက “အာဏာသိမ်းကာလ ကြာလာတာနဲ့အမျှ CDM ပို ခက်ခဲလာ ကြတယ်။ ပြည်ပ/ နယ်စပ်မှာလည်း စစ်ကောင်စီရဲ့ Black List ကြောင့် အထောက်အထားတွေ လက်မှတ်တွေ လုပ်ရာမှာလည်း CDM နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ အဆင်မပြေမှုတွေ ရှိတယ်။ ပြည်တွင်းမှာလည်း အကာ အကွယ်ရရှိမှု၊ အကူအညီရရှိမှု အားနည်းသလို အချို့သော ဒေသတွေမှာ အသက်အန္တရာယ်ပြုခံရတဲ့အထိ ရှိတယ်” ဟု ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။
၎င်းအပြင် ဆွေးနွေးပွဲတွင် အောက်ပါအချက်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။
- သက်ဆိုင်ရာ ပြည်နယ်နှင့် ဖက်ဒရယ်ယူနစ် အစိုးရများ၊ တိုင်းရင်းသားအဖွဲ့အစည်းများက ဒေသဆိုင်ရာ CDM အဖွဲ့အစည်းများကို တရားဝင်အသိအမှတ်ပြုရန်။
- နိုင်ငံ့ဝန်ထမ်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများနှင့် ဆွေးနွေးပွဲများကို SCEF နှင့်အတူ ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ခွင့်ပေးရန်။
- ပြည်ထောင်စုနှင့် ပြည်နယ်/ယူနစ်များ၏ ဝန်ထမ်းယန္တရားတွင် ဝန်ထမ်းရေးရာနှင့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ CDM ဝန်ထမ်းများက ဦးစီးဦးဆောင် ပြုနိုင်ရေး ဆောင်ရွက်ပေးရန်။
- CDM ဝန်ထမ်းများ၏ မရှိမဖြစ် လိုအပ်နေသည့် လူမှုအခက်အခဲများကို အထိုက်အလျောက် ဖြေရှင်းပေးနိုင်ရေး စီမံဆောင်ရွက်ရန်။
- အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် သက်ဆိုင်ရာ ပြည်နယ်/ယူနစ်များ၏ ပြဋ္ဌာန်းချက်များကို အာဏာသက်ရောက်စေရေး SCEF နှင့်အတူ ကြိုးပမ်းရန်။
- SCEF တွင် CDM နိုင်ငံ့ဝန်ထမ်းရေးရာနှင့် စပ်လျဉ်းပြီး သီးသန့်ကဏ္ဍတစ်ရပ် ထည့်သွင်းပေးရန်နှင့် CDM ဝန်ထမ်းများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးနိုင်ရေး (Regular Meetings) စီမံပေးရန်။
အဆိုပါ တောင်းဆိုတင်ပြချက်များကို SCEF အဖွဲ့အတွင်းသို့ သယ်ဆောင်သွားပြီး ပြန်လည်ဆွေးနွေး ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
ဆွေးနွေးပွဲတွင် တင်ပြတောင်းဆိုခဲ့သည့် အဖွဲ့အစည်းများမှာ KSCSC-CDM အပါအဝင် ကချင်ပြည် CDM နိုင်ငံ့ ဝန်ထမ်းများ ကောင်စီ (KSCCSC)၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)၊ ပဲခူးဒေသ စီဒီအမ် နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)၊ မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)၊ မွန်ပြည် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)၊ ရန်ကုန်ဖက်ဒရယ်ယူနစ် စီဒီအမ် နိုင်ငံ့ ဝန်ထမ်းများအဖွဲ့အစည်း (YFCCO) နှင့် ရှမ်းပြည်နယ် CDM ကောင်စီ (Pre Founding) တို့ ဖြစ်ကြသည်။
ထိုဆွေးနွေးပွဲသို့ SCEF မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူးအဖွဲ့ ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့် တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kulh Cung တို့ တက်ရောက် ရှင်းလင်း ခဲ့ကြပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။







