ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး အခြား ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ဆုံးရှုံးမှု များပြား ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်တွင် ဖားဆောင်းမြို့နယ်အတွင်းရှိ နေရာတစ်နေရာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။
အဆိုပါ လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦးကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“၃ နာရီကျော်လောက် ဖြစ်မယ် ရွာသား တစ်ယောက်ဆုံးတယ်ကော။ ဆေးရုံထိတော့ ရောက်လာသေးတယ်။ လှေတစ်စီး၊ ကုန်တွေ မြှုပ်သွားတယ်” ဟု ပြောသည်။
ထိုတိုက်ခိုက်မှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတစ်ဦး၏ မော်တော်ယာဉ် တစ်စီး ထိမှန်ပျက်စီးခဲ့သည့်အပြင် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းများလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။
ထိုသို့ ပျက်စီးသွားသည့် မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ သိန်း ၁,၇၀၀ ကျော် ရှိကြောင်း ကားပိုင်ရှင်ဖြစ်သူ ဒေသခံက ပြောသည်။
“ကားဆို အခု တန်ဖိုး သိန်း ၁၀၀၀ လောက်ရှိတယ် ကုန်ဖိုးဆိုရင် သိန်း ၄၀၀ ကျော်တယ် ကုန်တွေလဲ ရေထဲ မျောကုန်တယ် တဝက်တောင် ပြန်မရဘူး။ နောက်တယောက်က သိန်း ၃၀၀ ကျော်လောက်ရှိမယ်။”
အလားတူ ဇူလိုင်လ ၁၅ ရက်နေ့ကလည်း ဖရူဆိုမြို့နယ်အတွင်းရှိ လမ်းပိုင်းတစ်နေရာတွင် ဖြတ်သန်းသွား လာနေသူများကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၄၉ နှစ်အရွယ် အမျိုးသားတစ်ဦး ရင်ဘတ်တွင် ဒရုန်းဗုံးသီးအစ ထိမှန်ကာ သေဆုံးခဲ့သည်။
၎င်းကို ဆေးရုံသို့ အချိန်မီ မပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း အခြားအမျိုးသားတစ်ဦး လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဖရူဆိုဒေသခံအမျိုးသားတစ်ဦးက “စစ်အုပ်စုတပ်က သွားလာတဲ့သူတွေကို မြင်သွား တော့ ဒရုန်းနဲ့ကြဲတာ” ဟု ပြောသည်။
လက်ရှိတွင် ဒီးမော့ဆို - ဖရူဆို ပြည်ထောင်စု လမ်းမကြီးကို စစ်တပ်က ထိန်းချုပ်ထားပြီး အဆိုပါလမ်းပိုင်းနှင့် လမ်းသွယ်နေရာများကို ဒရုန်းများဖြင့် စဉ်ဆက်မပြတ် ကင်းထောက်လျက်ရှိသည်။
စစ်တပ်သည် ဇွန်လနှင့် ဇူလိုင်လများအတွင်း ဖရူဆိုမြို့နယ်အတွင်းရှိ အရပ်သားများ နေထိုင်ရာ ကျေးရွာများနှင့် တောင်ယာလုပ်ငန်းခွင် ဝင်ရောက်နေကြသည့် နေရာများဘက်သို့ ဒရုန်းဖြင့် ကင်းထောက်ကာ ဗုံးကြဲတိုက်ခိုက်မှု များ ဆက်တိုက် ပြုလုပ်နေခြင်း ဖြစ်သည်။
ထို့ပြင် ဇူလိုင်လ ၁၄ ရက်နေ့ကလည်း လွိုင်ကော်မြို့နယ် အရှေ့ခြမ်းရှိ နေရာ ၃ နေရာကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ဖရူဆို - ဘောလခဲ လမ်းမကြီးတစ်လျှောက်တွင် စစ်တပ်က ခြေကုပ်စခန်းများ ရယူထားပြီး စစ်ရေးလှုပ်ရှား လျက်ရှိကာ အရပ်သားများရှိရာ နေရာများသို့ ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးနှိုးဆော်ထားသည်။







