ပုလောကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် မီးရှို့

ပုလောကျောင်းနိမ့်ရွာကို စစ်ကောင်စီတပ် မီးရှို့
မြိတ်ခရိုင်တပ်ရင်း ၁
မြိတ်ခရိုင်တပ်ရင်း ၁

တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အထိနာသွားတာကြောင့် ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ပုလောမြို့နယ်အခြေစိုက် အမှတ် ၂၈၅ ခြေလျင်တပ်ရင်းက အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ ကျောင်းနိမ့်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းမှာ တပ်စွဲနေထိုင်ခဲ့တာပါ။

နိုဝင်ဘာ ၄ ရက် မနက် ၇ နာရီအချိန်ခန့်မှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောင်းနိမ့်ကျေးရွာက နေအိမ် ၁၀ လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကျောင်းနိမ့်ကျေးရွာမှ စစ်ကောင်စီတပ်သားတွေဟာ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းထဲ ပြန်ဆုတ်သွားခဲ့ပြီး အချိန်မရွေး စစ်ကြောင်းပြန်ထိုးနိုင်တာ‌ကြောင့် နှစ်ဖက်စစ်ရေးတင်းမာတဲ့ အနေအထားမှာ ရှိနေပါတယ်။

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိမှာတော့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျေးရွာ ၁၅ ရွာထက်မနည်းကို ယာယီစိုးမိုးထားတာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ပုလောမြို့နယ်က ကျေးရွာ ၁၅ ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်စီးမှုကြောင့် အရပ် သားပြည်သူ နေအိမ် ၉၄ လုံး ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...