ပုလော စက်လှေနစ်မြုပ်မှုတွင် သေဆုံးသူ ၂၀ ဦးထိ ရှိလာ

ပုလော စက်လှေနစ်မြုပ်မှုတွင် သေဆုံးသူ ၂၀ ဦးထိ ရှိလာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင် ဖြစ်ပွားခဲ့သည့် စက်လှေနစ်မြုပ်မှုတွင် ကလေးအပါအဝင် အလောင်း ၂၀ လောင်း ဆယ်ယူရရှိထားသည်ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြသည့် ဒေသခံများထံမှ သိရသည်။

ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့အသွား လူ ၈၀ ကျော် တင်ဆောင်ထားသည့် စက်လှေတစ်စင်းသည် အောက်တိုဘာလ ၂၀ ရက်နေ့ ည ၉ နာရီခန့်က ကျောက္ကာရွာအထွက်တွင် နစ်မြုပ်သွားမှုဖြစ်ပွားခဲ့သည်။

စက်လှေနစ်မြုပ်မှုတွင် လိုက်ပါလာသည့် လူ ၈၀ ကျော်အနက် ၆၀ ခန့်ကို အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်ခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် ၃ လသာအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ရုပ်အလောင်း ၁၁ လောင်းကို ဆယ်ယူရရှိခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရုပ်အလောင်း ၉ လောင်း ထပ်မံဆယ်ယူရရှိထားပြီး အများစုသည် ကလေးငယ်နှင့် ကျောင်းသား၊ ကျောင်းသူများဖြစ်သည်ဟု ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြသည့် ဒေသခံတို့က ပြောသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ထိ စုစုပေါင်း ရုပ်အလောင်း ၂၀ လောင်း ဆယ်ယူရရှိထားပြီး ပျောက်ဆုံးနေဆဲ ၈ ဦးခန့်ကိုလည်း ရှာဖွေမှု ဆက်လက်

လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

“ထပ်ရတဲ့အလောင်းတွေက ကလေးတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေများတယ်။ ကျောင်းသား၊ ကျောင်းသူလေးတွေက မြိတ်မြို့မှ ကျောင်းသွားတက်ကြမယ့် ကလေးတွေလို့ သိရပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။

နစ်မြုပ်သွားသည့် စက်လှေပေါ်တွင် ပုလောမြို့နယ်အတွင်းက စစ်ဘေးရှောင်များ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများအပြင် အခြားမြို့ရွာများမှ ပြည်သူများလည်း ပါဝင်သည်ဟု သိရသည်။

စက်လှေသည် နစ်မြုပ်ရခြင်းသည် လူနှင့် ကုန်ပစ္စည်းအများအပြား တင်ဆောင်ထားခြင်းနှင့် ရာသီဥတုအခြေအနေကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟု ဒေသခံတို့က ယူဆနေကြသည်။

စက်လှေနစ်မြုပ်မှုတွင် ပျောက်ဆုံးနေသူများကို ကျောက္ကာကျေးရွာဒေသခံများအပြင် အနီးပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံ လှေပိုင်ရှင်များ၊ မြိတ်မြို့အခြေစိုက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ စုပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေကြသည်။

July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...
July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...