ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ

ပန်ဝါမြို့ပြည်သူတွေ လေကြောင်းအန္တရယ်စိုးရိမ်တာကြောင့် မြို့စွန့်ခွာသူတွေများလာ

ပန်ဝါမြို့နေ ပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရလို့ မြို့ထဲကနေဆက်တိုက်စွန်ခွာနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက  ပန်ဝါမြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဒီနေ့ အထိ တိုက်ပွဲငြိမ်သက်နေပြီဖြစ်ပေမယ့် ပြည်သူတွေက လေကြောင်းအန္တရာယ်ကို စိုးရိမ်တာကြောင့် အားလုံးထွက်ခွာနေကြတယ်လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။

“ ပြည်သူအများပိုင်း ပြန်သွားကြပြီ နယ်ခံတွေလည်း တိမ်းရှောင်ကုန်ပြီ။ အခုကျမတို့တောင် ပြန်ဖို့အဆင်သင့် အဝတ်ထုတ်တွေသိမ်းပြီး ကားစောင့်နေတာ။ ကားတွေ လမ်းမှာအရမ်းခက်လို့ဆိုပြီး စောင့်နေတယ်။ ကိုယ်ပိုင်ကားရှိတဲ့သူတွေက အကုန်ပြန်ကုန်ပြီ။ သုံးပုံ ၁ ပုံပဲရှိတော့တယ်။ ကျန်တဲ့သူတွေလည်း ရှောင်ဖို့ ထွက်ဖို့ အားလုံးအဆင်သင့်စောင့်နေသူတွေပဲ။ အဓိကတော့ လေကြောင်းအန္တရာယ်ကြောင့်ပါ” လို့ ပန်ဝါမြို့ရှိ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပန်ဝါမြို့ ပြည်သူထောင်ချီဟာ မြို့တွင်းသေနတ်သံတွေ ဆူညံလာချိန် တရုတ်နယ်စပ်ခြံစည်းရိုးနားတစ်လျှောက် စုပြုံတိမ်းရှောင်ကြပေမယ့် တရုတ်ဘက်က ဝင်ခွင့်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အောက်တိုဘာလ ၁၇ ရက်နေ့ကစပြီး ပြည်သူအားလုံးနီးပါး ပန်ဝါမြို့ကနေ ဝိုင်းမော် - မြစ်ကြီးနားဘက်ခြမ်းကို အဓိက ထွက်ခွာနေတယ်လို့ ဆိုပါတယ်။

“အားလုံးက လေကြောင်းရန်ကို အဓိကစိုးရိမ်လို့ဟုတ်တယ်။ အခြေအနေတည်ငြိမ်ရင် ပြန်လာကြမယ်ဆိုပြီး အားလုံးထွက်ခွာနေတာဟုတ်

တယ်။ ဒီနေ့တောင် လေယာဉ်လာမလိုသတင်းတွေက ပျံ့နှံ့ပြီး ကျမတို့လည်း စိုးရိမ်ပြီးပဲ စောင့်နေကြတယ်။ စျေးဆိုင်အားလုံးလည်းပိတ် ပန်ဝါမြို့က မြို့ပျက်လိုပဲ တိတ်ဆိတ်နေတယ်။ တိုက်ပွဲသံတွေတော့ ငြိမ်သွားပေမဲ့ ဆက်လက်စိုးရိမ်ကြသေးတာပေါ့ ” လို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦး ပြောပါတယ်။

ပန်ဝါဒေသခံတွေအပါအဝင် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားတွေအားလုံးဟာ   ကိုယ်ပိုင်ကား၊ဆိုင်ကယ် စတာတွေနဲ့ ထွက်ခွာနေပြီး ကားလမ်းပိုင်းကြပ်နေတဲ့ အခက်အခဲ တွေရှိတယ်လို့လည်း ဒေသခံတွေပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ပန်ဝါမြို့အလုံးစုံကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဘက်က သိမ်းပိုက်လိုက်ပြီဖြစ်ပေမယ့် ပန်ဝါဒေသနဲ့တစ်ဆက်တည်း ဖီမော်၊ကမ်းဖန်နဲ့ နိုဇွန်ဘွမ်တပ်ရင်းကြီးတစ်ချို့ကျန်ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း သဘာ၀အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ ပန်ဝါမြို့ဟာ ချီဖွေမြို့နဲ့မိုင် ၄၀ ဝန်းကျင်ရှိပြီး မြေရှားသတ္တုတူးဖော်မှုကြောင့် နာမည်ကျော်တဲ့အပြင် မြန်မာ-တရုတ်နယ်စပ် ကချင်အထူးဒေသ ၁ ဌာနချုပ်ရှိရာမြို့ဖြစ်ပါတယ်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...