တရုတ်အထိမခံသည့် မူဆယ်မြို့တွင် MNDAA နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်

တရုတ်အထိမခံသည့် မူဆယ်မြို့တွင် MNDAA နှင့် စစ်ကောင်စီတပ် ထိတွေ့တိုက်ပွဲဖြစ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ပြည်သူနေအိမ် (၁) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (အောက်တိုဘာလ ၁၅ ရက်) ည ၅ နာရီခွဲခန့်မှ စတင်၍ မူဆယ်မြို့နှင့် ၃ မိုင်ခန့် ကွာဝေးသည့် နမ့်ခုမ်ရွာအနီးသို့ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ခဲ့ရာ နှစ်ဘက်ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပွားခဲ့ပြီး ပြည်သူနေအိမ် (၁) လုံး မီးလောင် ပျက်စီးခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။

“ ၁၀၅ မိုင် သွားတဲ့ဘက် နမ့်ခုမ်နားမှာ မဟာမိတ်တပ်က မြို့နားကပ်လာလို့ စကစဘက်က လက်နက်ကြီး အရင်စပစ်တယ်လို့ ပြောတယ်။ အဲ့ဘက်မှာတော့ စစ်တပ်နဲ့ ကိုးကန့်တပ်ပဲ ရှိတာ၊ နမ့်ခုမ်နားမှာ ဟန့်ထားတဲ့ သဘောပေါ့။ ကိုးကန့်တပ်က ပစ်လို့ နမ့်ခုံရွာထဲက အိမ်မီးလောင်တယ်၊ လူထိခိုက်တာတော့ မရှိဘူး”ဟု မူဆယ်မြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ရာ အထူးဒေသ(၁) ကို ဖြတ်ငါးဖြတ် လုပ်ဆောင်ရန် တရုတ်အာဏာပိုင်များ နှင့် ‘ဝ’တပ်ဖွဲ့ UWSA ထံမှ ဖိအားများဖြင့် ရင်ဆိုင်နေရစဉ် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလာခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက ပြောဆိုသည်။

“တိုက်ပွဲက မူဆယ်မြို့ အရှေ့ဘက်မှာတင် ဖြစ်တာ။ ည ၅ ခွဲလောက် ပစ်ကြတာ ၆ နာရီလောက် ပြန်ငြိမ်သွားတယ် မိနစ် (၂၀) လောက် ပစ်ကြတယ်။ တချို့ကလည်း ပြည်သူ့စစ်က နမ့်ခုမ်ရွာမှာ သေနတ်လာစမ်းလို့ တိုက်ပွဲဖြစ်တယ်လို့လည်း ပြောတယ်။ တာကော(တရုတ်)ကတော့ မူဆယ်ကို လုံးဝ မထိဖို့ ပြောထားတာဆိုတော့ ဘာထပ်ဖြစ်မလဲ မပြောတတ်ဘူး”ဟု မူဆယ်မြို့မှ စစ်ရေးလေ့လာသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ TNLA တပ်ဖွဲ့သည် သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃)၊ (၅၀၄) နှင့် ခလရ-(၂၃) တပ်ရင်းတို့ကို (၂)လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် တရုတ်ဖိအား ရှိနေသည့်ကြားမှ အောက်တိုဘာလ (၁၃) ရက်တွင် သီပေါမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း ယမန်နေ့တွင် ထုတ်ပြန်ကြေညာသည်။

“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းနှင့် ဒုတိယပိုင်း ဆင်နွှဲလာသည့် တစ်နှစ်အတွင်း အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ အပါအဝင် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့များ အားလုံးနီးပါးကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့က တိုက်ခိုက်ထိန်းချုပ်ထားသည်။

‘ဝ’တပ်ဖွဲ့ UWSA ဝင်ရောက်နေရာယူထားသည့် တန့်ယန်းမြို့၊ သျှမ်းတပ် SSPP/SSA လုံခြုံရေးယူထားသည့် မိုင်းရယ်မြို့တို့နှင့် မတူဘဲ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်ရာ မူဆယ်မြို့ကို မည်သည့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ ယခုထိတိုင် တိုက်ခိုက်ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပေ။

မူဆယ်မြို့ ပတ်ပတ်လည်တွင် သျှမ်းတပ် SSPP/SSA၊ ကချင်လွတ်လပ်ရေးတပ် KIA၊ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ဝိုင်းရံပိတ်ဆို့ထားသော်လည်း စစ်ကောင်စီတပ်အပြင် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ယခင်က တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - Crd
August 24, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများကို...
ဓာတ်ပုံ - (RCSS/SSA) RCSS/SSA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်
August 24, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/...
ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...