ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ

ဆွမ်ပီယန်အပါအဝင် ရွာပေါင်း ၃ ရွာက ပြည်သူတစ်ထောင်ကျော် အစားသောက်၊ဆေးဝါးကူညီမှုလိုအပ်နေ

ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ကျေးရွာ ၃ ရွာမှ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဟာ  တော၊တောင်ထဲထွက်ပြေးတိမ်းရှောင်နေတာ ၅ လကျော်ကြာလာပြီး ဖျားနာသူတွေများလာနေတယ်လို့ ဆွမ်ပီယန်ဒေသခံတွေ ပြောပါတယ်။

ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်(Nsi Yang) ၊ ၀ဒတ်(Wadat) စတဲ့ကျေးရွာက ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင် နီးစပ်ရာတောတောင်မှာ မိုးကာတဲထိုးပြီး စစ်ရှောင်နေတာ ကာလအားဖြင့် ၅ လကြာမြင့်လာတဲ့အပြင် လက်ရှိဆောင်းတွင်းဝင်လာပြီဖြစ်တဲ့အတွက် အနွေးထည်၊ စောင်၊ ဆေးဝါး၊ အစားသောက်အခက်အခဲကြုံနေရတယ်လို့ ဆွမ်ပီယန်စစ်ရှောင်ပြည်သူတစ်ဦး ကချင်သတင်းဌာန KNG ကို အခုလိုပြောပါတယ်။

“မိုးကာတဲအောက်မှာ မိုးရွာရင် မိုးယို၊ နေပူရင်လည်း နေလို့မရပြန်၊ ခြင်ကကိုက်၊ လတ်တလော ဖျားနာတာတွေအရမ်းများနေတယ်။ ဆောင်းတွင်းဝင်လာပြီဆိုတော့ အနွေးထည်တွေမရှိ၊ စောင်ခြုံစရာမရှိလို့ အရမ်းခက်နေကြတယ်။ ချောင်းဆိုး၊ အဖျားတက် အဖြစ်အရမ်းများနေတယ်။” လို့  ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ဆွမ်ပီယန်ကျေးရွာထဲ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်တပ်စွဲလာပြီး ကျေးရွာနေဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေကြောင့် ဒေသခံအားလုံး နီးစပ်ရာ တော၊ တောင်ထဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာဖြစ်ပါတယ်။

တောတောင်ထဲ ခက်ခက်ခဲခဲစစ်ရှောင်နေကြတဲ့ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ မိုးကြီး၊ရေလျှံမှုကြောင့် ထပ်မံရွှေ့ပြောင်းခဲ့ကြပြီး လတ်တလော ပူတာအို-ဆွမ်ပရာဘွမ် လမ်းတစ်လျှောက် ကျေးရွာတစ်ချို့နဲ့ တောထဲမှာ တဲထိုးပြီးဆက်တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

စစ်ရှောင်တွေအတွက် ခရစ်ယာန်အသင်းတော်အဖွဲ့အစည်းကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးမှုနဲ့ အသက်ဆက်နေရပြီး လမ်းခရီးအခက်အခဲနဲ့ ဖုန်းလိုင်းအခက်အခဲတွေကြောင့် ကူညီမှုတွေ အလုံအလောက်မရရှိကာ ဒုက္ခကြုံနေကြရတာဖြစ်ပါတယ်။

“ဒီနားမှာအခု ဆွမ်ပီယန်ကျေးရွာ၊ အင်စီးယန်နဲ့ ၀ဒတ် ဒီရွာ ၃ ခုက အုပ်စုတွေကို တစ်စုလုပ်ထားပြီး ဖုန်ငိုင်ယန်စစ်ရှောင်လို့ သတ်မှတ်ထားတယ်။ အခုတော့ KBC HDD နဲ့ KMSS ကကူညီမှုတွေတော့ ရနေတယ်။” လို့  ဆွမ်ပီယန်ဒေသခံစစ်ရှောင်က ဆက်ပြောပါတယ်။

လက်ရှိ ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တပ်ချနေဆဲဖြစ်ပြီး ကျေးရွာတစ်ဝိုက် စစ်ရေးအခြေအနေမတည်ငြိမ်သေးတာကြောင့် ဒေသခံပြည်သူတွေ နေရပ်ပြန်လာလို့မရသေးတာဖြစ်ပါတယ်။

ဆွမ်ပရာဘွမ်မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား ပူတာအိုဘက် ဆွမ်ပီယန်တစ်ဝိုက်မှာ စစ်ရေးအခြေအနေ တင်းမာနေတာလက်ရှိချိန်ထိဖြစ်ပါတယ်။

April 25, 2026
ဂျာဘောက်ရာ — ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့...
April 24, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ စစ်ကောင်စီတပ်ရဲ့စည်းရုံးရေးတပ်လို့ဆိုကာ ဧရာဝတီမြစ်နံဘေး...
April 23, 2026
ဖားကန့် မှာ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ...
April 22, 2026
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ ကသာမြို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က...