ရွှေတူးဖော်မှုကြောင့် စိုက်ပျိုးပြီးစပါးများ ရေနစ်မြုပ်ပျက်စီး

ရွှေတူးဖော်မှုကြောင့် စိုက်ပျိုးပြီးစပါးများ ရေနစ်မြုပ်ပျက်စီး

ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ တူးဖော်နေခြင်းကြောင့် တာပိန်မြစ်ကမ်းတစ်လျှောက်ရှိ ဒေသခံများ၏ စပါးခင်းများ ရေနစ်မြုပ်ပျက်စီးသွားသည်။

မိုးမောက်မြို့မှ ၁၄ မိုင်ခန့်အကွာ တာပိန်မြစ်ဝ၊ ရွှေမြောင်းနှင့် မြို့သစ်ကျေးရွာအကြားတွင် တရုတ်လုပ်ငန်းရှင် များက စက်ယန္တရားကြီးများ အသုံးပြု၍ ရွှေတူးဖော်နေခြင်းကြောင့် ရွှေတူးသည့်နေရာ၏ အောက်ဘက်ရှိ လယ်ယာမြေများ ရေနစ်မြုပ်ပျက်စီးရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG သို့ ပြောသည်။

“ဒီအသက် ဒီအရွယ်အထိ တစ်ခါမှ ဒီလိုလယ်တွေရေနစ်တာ မကြုံဖူးဘူး။ အခု ရွှေတူးလာမှ ဖြစ်တာ။ ရွှေကို မြစ်လယ်မှာတူးတော့ သဲတွေတက်လာပြီး ရေစီးကြောင်း ပိတ်သွားတယ်။ ရေက သွားစရာမရှိတော့ဘဲ ကုန်း ပေါ်တက်လာတာ။ အခုဆို လယ်ကွက်တွေက မြစ်ကြီးလို ဖြစ်သွားပြီ။ စပါးတွေလည်း အကုန်ရေနစ်သွားလို့ ဘာမှမရတော့ဘူး။”

တာပိန်မြစ်ဝပေါ်တွင် ရွှေတူးဖော်မှုကို ၂၀၂၄ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ယခုဆိုလျှင် နှစ်နှစ်ကျော် ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

ရွှေတူးဖော်မှုကြောင့် တာပိန်မြစ်ဝအနီးရှိ စီကော်၊ မန်နောင်၊ ခုန်ဆင့်နှင့် ဟင်္သာကျေးရွာများအပါအဝင် ကျေးရွာ လေးရွာမှ ပြည်သူများ စိုက်ပျိုးထားသည့် စပါးလယ်ဧက ၁,၀၀၀ ကျော် ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

အခြား ဒေသခံတစ်ဦးကလည်း “လယ်တွေပျက်စီးတာ ရက် ၂၀ ကျော်ပဲ ရှိသေးတယ်။ တချို့က ပျိုးပင်အဆင့် မှာပဲ ပျက်သွားတယ်၊ တချို့ကတော့ စိုက်ပြီးသား စပါးတွေအထိ ပါသွားတယ်။ ရွှေတူးတာက တကယ်လွန် တယ်။ သဲတွေက တောင်လိုပုံလာတော့ ရေက မြစ်ကြောင်းအတိုင်း မစီးတော့ဘူး။ လယ်ကွက်တွေကြားကို မြစ်လိုစီးလာပြီး ရေလမ်းကြောင်း ပြောင်းသွားတာ” ဟု ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ရွှေတူးဖော်မှုကြောင့် တာပိန်မြစ်၏ ရေစီးကြောင်းပြောင်းလဲသွားကာ မြစ်ကမ်း ဘေး လယ်ယာမြေများဘက်သို့ ရေဝင်ရောက်လာခြင်းကြောင့် ယခုကဲ့သို့ လယ်မြေများ ရေနစ်ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးက “လာမယ့်နှစ်ဆို တောင်သူတွေ စပါးရှားသွားမယ်။ ဟင်္သာနဲ့ မန်နောင် ဘက်မှာတော့ လယ်တစ်ကွက်မှ မပေါ်တော့ဘူး။ အကုန် သဲတွေနဲ့ နှုန်းမြေတွေ ဖုံးသွားပြီ” ဟု ပြောသည်။

တာပိန်မြစ်ပေါ်တွင် ရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင်များက ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ရေစုပ်စက် သုံးစင်းဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှစတင်ကာ မြေတူးစက်၊ မြေကော်စက်နှင့် မြေသယ် ကား အများအပြား အသုံးပြု၍ အကြီးစားတူးဖော်မှုများကို ဆက်လက်လုပ်ဆောင်လာခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း တာပိန်မြစ်ဝ၌ ရွှေတူးဖော်မှုကို တရုတ်လုပ်ငန်းရှင် ငါးဦးက စက်ယန္တရားအကြီးစားများဖြင့် ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။

မိုးမောက်မြို့နယ်သည် လက်ရှိတွင် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်နယ်မြေအတွင်း တည်ရှိ နေသဖြင့် အဆိုပါ ရွှေတူးဖော်မှုကို ရပ်တန့်ပေးရန် စီကော်၊ မန်နောင်၊ ခုန်ဆင့်နှင့် ဟင်္သာကျေးရွာများအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာ ၁၇ ရွာမှ ပြည်သူများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက KIA/KIO ထံ သုံးကြိမ်ထက် မနည်း ကန့်ကွက်စာ တင်ပြခဲ့ကြသည်။

သို့သော် ဒေသခံများ၏ ကန့်ကွက်တောင်းဆိုမှုအပေါ် ယနေ့အချိန်အထိ ထိရောက်သည့် အရေးယူ ဆောင်ရွက်ပေးမှုမျိုး မရှိသေးကြောင်း ဒေသခံများက ဆိုသည်။

ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...
July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...