ဟုမ္မလင်းမြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် SNA တိုက်ပွဲပြင်းထန်နေ

ဟုမ္မလင်းမြို့နယ်တွင် KIA ပူးပေါင်းတပ်နှင့် SNA တိုက်ပွဲပြင်းထန်နေ
ဓါတ်ပုံ - HPDF
ဓါတ်ပုံ - HPDF

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာ အကြားတွင် ဇူလိုင် ၁၈ ရက်နေ့က စတင်ကာ SNA တပ်နှင့် KIA ဦးဆောင်သော တပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေ သည်ဟု ဟုမ္မလင်း PDF နှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“၁၈ ရက်နေ့ကတည်းက ဖြစ်နေတာပါ။ ၁၉ ရက်နေ့မှာတော့ အဲဒီဘက်က စစ်ရှောင်တချို့ ဟုမ္မလင်းကို ရောက် လာကြတယ်။ တိုက်ပွဲက အတော်လေးပြင်းထန်တယ်လို့ ပြောတယ်။ တောင်ဦးဘက်မှာ ဖြစ်နေတာ၊ ဆယ်ဇင်း အစပ်နား ကျတယ်။”

SNA တပ်ဖွဲ့များ အခြေချထားသည့် တောင်ဦးကျေးရွာဘက်သို့ KIA ဦးဆောင်သည့် တပ်ဖွဲ့များက စစ်ကြောင်း ထိုးလာခြင်းကြောင့် ဇူလိုင် ၁၈ ရက်နေ့မှစ၍ ယခုအချိန်အထိ နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေခြင်း ဖြစ်သည်။

ထို့ပြင် ဟုမ္မလင်းမြို့မှ တောင်ဦးဘက်သို့ သွားလာနေသည့် ဥတုချောင်း ရေကြောင်းလမ်းကိုလည်း SNA တပ်က ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ ပိတ်ဆို့ထားကြောင်း ဒေသခံများက ဆိုသည်။

“တောင်ဦး၊ လားရာတီးဘက်က စစ်ရှောင်တွေကတော့ ဟုမ္မလင်းဘက် ရောက်လာကြတယ်။ ရေလမ်းကိုလည်း SNA တွေ ပိတ်ထားတယ်။ ၁၉ ရက်နေ့က ပိတ်တာ အခုထိပဲ။ သူတို့ကတော့ နေ့တိုင်း သွားလာနေပြီး ဆယ်ဇင်း ဘက်ကို အင်အားဖြည့်နေတာ” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

တိုက်ပွဲများ ပြင်းထန်လာခြင်းကြောင့် ဟုမ္မလင်းမြို့နယ်ဘက်ရှိ တောင်ဦး၊ လားရာတီး၊ တာမယ်ပုတ်စသည့် ကျေးရွာများနှင့် ကချင်ဘက်ခြမ်း ဆယ်ဇင်းကျေးရွာတို့မှ ဒေသခံများသည် ဇူလိုင် ၁၉ ရက်နေ့ကတည်းက ဟုမ္မလင်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရသည်။

ဒေသခံအမျိုးသားတစ်ဦးက “ဆယ်ဇင်း၊ တာမယ်ပုတ်၊ ရွှေကျင်းက လူတွေအကုန်ရှောင်ခဲ့ကြပြီ။ ကျောင်းသား ကျောင်းသူတချို့လည်း ဟုမ္မလင်းဘက်ကို ကျောင်းပြောင်းလာကြတယ်။ အခြေအနေက လွယ်လွယ်နဲ့ ပြန်လို့ ရမယ်မထင်ဘူး။ KIA ဘက်က ထိုးစစ်ဆင်လာတာ၊ တောင်ဦးဘက်က ရှမ်းနီနယ်မြေဘက် ဖြစ်တယ်” ဟု ပြောသည်။

SNA ဘက်ကလည်း ဟုမ္မလင်းမြို့မှတစ်ဆင့် လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် တောင်ဦးဘက်သို့ ရေကြောင်းကို အသုံးပြုကာ နေ့စဉ် စစ်အင်အား ဖြည့်တင်းနေလျက်ရှိသည်။

လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသော လားရာတီးနှင့် ပါဟုတ်ကျေးရွာများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အတွင်းက KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ထိန်းချုပ်ခဲ့ဖူးပြီး၊ ထို့နောက်ပိုင်းတွင် စစ်တပ်နှင့် SNA တပ်ဖွဲ့များ ဘက်က အင်အားသုံး ထိုးစစ်ဆင်မှုများ မကြာခဏ ပြုလုပ်ခဲ့ခြင်းကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်း ဖြစ်သည်။

ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...
(ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်ရန် ပြင်ဆင်နေစဉ်/ Crd)
August 18, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မန်တုံမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ထိခိုက်မည့်...
ဓာတ်ပုံ - ပင်လည်ဘူးမြို့နယ် ဩဂုတ်လ ၁၆ ရက်နေ့က လေကြောင်းတိုက်ခိုက်ခံရသည့် အခြေအနေ။
August 18, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ရှိ ပင်လည်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာ ယခုရက်ပိုင်းအတွင်း...
ဓါတ်ပုံ - ရွှေကူမြို့တွင်း မြင်ကွင်းတစ်ခုအား တွေ့ရစဉ်။
August 17, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် တိုက်ပွဲများကြောင့် လမ်းပိုင်း ပိတ်ဆို့ထားသဖြင့် ကျေးရွာများ၌ အစား...