မြစ်ကြီးနားတွင် ကြက်ဥတစ်လုံး ကျပ်တစ်ထောင်အထိ ဈေးမြင့်တက်

မြစ်ကြီးနားတွင် ကြက်ဥတစ်လုံး ကျပ်တစ်ထောင်အထိ ဈေးမြင့်တက်

ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ တစ်လုံးလျှင် ကျပ်တစ်ထောင်အထိ ပေးဝယ်နေရကြောင်း မြို့ခံများနှင့် ဈေးသည်များက ပြောသည်။

ပြီးခဲ့သည့် မေလအတွင်း စစ်တပ်က စစ်ကိုင်း-ကချင် အစပ်ရှိ အင်းတော်မြို့ကို သိမ်းပိုက်လိုက်ပြီးနောက် ဇွန်လမှစတင်ကာ မြစ်ကြီးနား-မန္တလေးလမ်းပိုင်းရှိ အင်းတော်မြို့နယ်အတွင်း စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။

ထိုသို့ လမ်းပိုင်းတွင် စစ်ရေးအခြေအနေကြောင့် သွားလာရေး ခက်ခဲလာခြင်းကြောင့် ကုန်တင်ကား ဝင်ရောက်မှု များ လျော့နည်းသွားခဲ့ခြင်း ဖြစ်သည်။

ဈေးသည်တစ်ဦးက “အရင်အပတ်နဲ့ယှဉ်ရင် ဈေးက သိသိသာသာတက်လာတယ်။ ကုန်ကားတွေ မဝင်တော့ ပစ္စည်းရတာနည်းသွားပြီး ရှိတဲ့ပစ္စည်းကို ဈေးတက်ရောင်းရတဲ့အခြေအနေ ဖြစ်လာတယ်” ဟု ပြောသည်။

လက်ရှိ မြစ်ကြီးနားဈေးကွက်အတွင်း ကြက်ဥတစ်လုံးလျှင် ကျပ်တစ်ထောင်အထိ ရှိလာသည့်အပြင် ခရမ်းချဉ် သီးနှင့် ကြက်သွန်နီများမှာလည်း တစ်ပိဿာလျှင် ကျပ်တစ်သောင်းနှစ်ထောင်ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက် လာကြောင်း ဈေးသည်များက ဆိုသည်။

ထို့ပြင် တရုတ်-မြန်မာနယ်စပ်ဘက်မှ ကန်ပိုက်တီ-ဆဒုံးလမ်းပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားနေခြင်းနှင့် ဗလမင်း ထင်တံတားအနီး စစ်ဆေးမှုများ တင်းကျပ်နေခြင်းတို့ကြောင့်လည်း ကုန်စည်ဝင်ရောက်မှုများတွင် အခက်အခဲ များ ရှိနေသည်။

မြစ်ကြီးနားမြို့ခံ ကုန်သည်တစ်ဦးက “တရုတ်ဘက်ကဝင်ဖို့ကျပြန်တော့လည်း ဂိတ်တွေကများ ပြီးရင် ဗလမင်း ထင်မှာကလည်း ဝင်ချင်တိုင်းဝင်မရ တော်တော်လေးခက်တယ်။ အဲဒါကြောင့် ကုန်ဈေးနှုန်းက အကျကိုမရှိနေ တာ” ဟု ပြောသည်။

အခြေခံစားသောက်ကုန် ဈေးနှုန်းများ အဆက်မပြတ် မြင့်တက်လာနေခြင်းကြောင့် စားသုံးသူပြည်သူများမှာ နေ့စဉ်စားဝတ်နေရေးအတွက် ပိုမိုကျပ်တည်း ခက်ခဲလာနေကြသည်။

မြစ်ကြီးနားမြို့သည် ကချင်ပြည်နယ်အတွင်း အဓိကကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်ပြီး အခြေခံစားသောက်ကုန် အများစုကို အခြားဒေသများနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် တင်သွင်းနေရခြင်းကြောင့် ယခုကဲ့သို့ လမ်းကြောင်း အခက်အခဲများ ကြုံတွေ့ရသည့်အခါတိုင်း ကုန်စည်ဝင်ရောက်မှု လျော့နည်းကာ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

မြေမြှုပ်မိုင်းပုံ / Crd
September 8, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်အတွင်း မြေမြှုပ်မိုင်းများကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅ ဦးအထိ...
September 8, 2026
မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် ရေယာဉ်အုပ်စုပါ ဖလပ်သံ ခွန် ၂၈...
September 7, 2026
ကချင်ပြည်၊ ဗန်းမော်ဘက်သို့ ဆန်တက်လာသည့် စစ်သင်္ဘောယာဉ်တန်းများ စင်းခန်းဒေသအနီးတွင် တိုက်ခိုက်...
မိုးကောင်းမြို့အဝင် ဆိုင်းဘုတ်တစ်ခုကို တွေ့ရစဉ် / Crd
September 7, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့သည့်...