ဟားခါး-ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီစစ်ကြောင်းပြန်ထိုး၊ ချင်းပြည်အစိုးရတပ်ဖွဲ့နှင့်တိုက်ပွဲပြင်းထန်နေ

ဟားခါး-ထန်တလန်ကြားက ဆုံးရှုံးနယ်မြေများကို စစ်ကောင်စီစစ်ကြောင်းပြန်ထိုး၊ ချင်းပြည်အစိုးရတပ်ဖွဲ့နှင့်တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်-ထန်တလန်မြို့နယ်ကြား ချင်းပြည်အစိုးရတပ်ဖွဲ့က သိမ်းပိုက်ထားသည့် စစ်ရေးအရအရေးပါသော တောင်ကုန်းများကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လာပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသည်ဟု သိရသည်။

ဟားခါးမြို့မှ ၅ မိုင်ခန့်အကွာတွင်တည်ရှိသော သီမြစ်လွင်ပြင်မှာ အခြေစိုက်တပ်စွဲထားကြသော စစ်ကောင်စီတပ်ဖွဲ့များထံ ယမန်နေ့က ဟားခါးမြို့မှ စစ်ကား ၇ စီးဖြင့် စစ်ကူစေလွှတ်ပြီးနောက် ချင်းပြည်အစိုးရတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသော C3 နေရာတွင် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်းကစ၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“ သီမြစ်၊ သီတာဘက်က စကစတွေက C3 ဘက်ကို ဒီမနက် ၈ နာရီလောက်မှာ သူတို့တိုက်တာ၊ ထိခိုက်မှုကတော့ ကျွန်တော်တို့ အသေးစိတ်တော့မသိနိုင်သေးဘူးပေါ့လေ” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဟားခါး-ထန်တလန်ကြားရှိ စစ်ကောင်စီတပ်ဖွဲ့များအခြေစိုက်စခန်းများဖြစ်သည့် အော်တိုတောင်၊ လုံခါရ်တောင်၊ Keivanzuang၊ C3 တို့ကို ချင်းပြည်အစိုးရတပ်ဖွဲ့က ပြီးခဲ့သည့်ဇူလိုင်လအတွင်းမှာ သိမ်းပိုက်ခဲ့ပြီးနောက် ဟားခါး-ထန်တလန်ကြားတွင် တိုက်ပွဲများ ငြိမ်သက်ခဲ့သည်။

စစ်ကောင်စီဘက်က ဟားခါး-ထန်တလန်ကြားက ၎င်းတို့လက်လွှတ်လိုက်ရသော စစ်ရေးအရ အရေးပါသည့်နေရာများကို ပြန်လည်သိမ်းပိုက်ရန် ယခုအခါ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။

ယခုထိုးစစ်ဆင်မှုမစတင်ခင်မှာ အောက်တိုဘာလ ပထမအပါတ်ထဲတွင် စစ်ကောင်စီက ရဟပ်ယာဉ်များဖြင့် ဟားခါးမြို့ပေါ်သို့ လက်နက်ခဲယမ်းနှင့် တပ်အင်အားဖြည့်တင်းခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့က သီမြစ်ဘက်နှင့် ထန်တလန်မြို့ဘက်ကို Y-12 လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း ထပ်မံဗုံးကြဲနေကြောင်း သိရသည်။

“ အဓိကတော့ ထန်တလန်က ဟားခါးရဲ့ နောက်ဆုံးခံစစ်လိုဖြစ်နေတာ။ ကျွန်တော်တို့အနေနဲ့ ထန်တလန်သိမ်းသွားရင် တော်တော်လေး risks ဖြစ်သွားမယ်ပေါ့။ ဖလမ်းနဲ့ ထန်တလန်ဆိုတာ ဟားခါးဗျူဟာ ကနေပဲကိုင်တဲ့ဟာဆိုတော့လေ။ ဟားခါးသိမ်းပြီးသွားရင် ချင်းပြည်က လွတ်မြောက်သွားနိုင်တယ်လေ အဲလိုဆိုတော့ ဟားခါးကိုထိန်းဖို့ဆိုရင် ထန်တလန်ကို သူတို့မဖြစ်မနေ ထိန်းရတာ‌ပေါ့” ဟု ချင်းတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...