မော်လမြိုင်မှာ သန်းခေါင်စာရင်းကောက်ယူမှု ငွေကြေးတောင်းခံတာတွေရှိနေ

မော်လမြိုင်မှာ သန်းခေါင်စာရင်းကောက်ယူမှု ငွေကြေးတောင်းခံတာတွေရှိနေ

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက လက်ဖက်ရည်ဖိုးဆိုပြီး ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၂၄ ခုနှစ် လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကစပြီး မော်လမြိုင် မြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက လုံခြုံရေးအပြည့်နဲ့ လိုက်လံကောက်ယူနေတာပါ။

အဲဒီလို သန်းခေါင်စာရင်း ကောက်ယူရာမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းကောက်ယူရေးအဖွဲ့ အတွက် ကျွေးမွေးဧည့်ခံစရိတ်ဟုဆိုကာ  နေအိမ်တွေမှာ စေတနာရှိသလောက်ပေးကြဖို့ ငွေကြေးတောင်း ခံနေတာ ဖြစ်ပါတယ်။

“တောင်းတာက စာရင်းကောက်တဲ့ ဆရာ၊ ဆရာမတွေ မဟုတ်ဘူး။ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တွေပေါ့၊ သူတို့က ဆရာ၊ ဆရာမတွေနဲ့ လုံခြုံရေးအဖွဲ့တွေက နေပူမိုးရွာ တစ်အိမ်ဝင်၊ တစ်အိမ်ထွက် စာရင်းလိုက်ကောက်ရ တယ်ဆိုတော့ သူတို့ကိုလက်ဖက်ရည်တိုက်ဖို့ဆိုပြီး အကြောင်းပြတာပေါ့။ ဘယ်လောက်ရယ်လို့တော့ မဟုတ်ဘူး။ စေတနာရှိသလောက်ဆိုပြီးတောင်းတာ”လို့ မော်လမြိုင်မြို့ခံတစ်ဦး ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ခံတာကို အကြောင်းပြပြီး စေတနာ ရှိသလောက် ငွေကြေးတောင်းခံပေမယ့် အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀ အထိ ပေးဆောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နောက်ထပ်မြို့ခံတစ်ဦးရဲ့ ပြောပြချက်အရ သန်းခေါင်စာရင်းကောက်ခံမှုအတွက် ငွေကြေးတောင်းခံရာမှာ အိမ်စေ့တောင်းခံတာ မဟုတ်ပေမယ့် ငွေကြေးတတ်နိုင်တဲ့ နေအိမ်တွေကို အများစုတောင်းခံနေတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်က မော်လမြိုင်မြို့နယ် အပါအဝင် တခြားမြို့နယ်တွေမှာ ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်အတွက် လူအင်အား ၁၂၀၀ ကျော် အသုံးပြုပြီး သန်းခေါင်စာရင်း လိုက်လံကောက်ယူနေတာပါ။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို ပြည်သူတွေအနေနဲ့ မပူးပေါင်းကြဖို့နဲ့ တတ်နိုင်ဘက်က ဝိုင်းဝန်းဆန့်ကျင်ကြဖို့ မွန်ပြည်နယ်အခြေစိုက် တော်လှန်ရေးအင်အားစုအဖွဲ့တွေက တိုက်တွန်ထားပါတယ်။

စစ်ကောင်စီဟာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလကုန်မှာ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...