လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ

လားရှိုးမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရ

ရှမ်းမြောက် လားရှိုးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ မနက် ၁ နာရီခွဲမှာ လားရှိုးမြို့ ရပ်ကွက် (၂ ) ရှိ ရထိုက်ဟိုတယ်နဲ့ ဖူလီလိုက်ဟိုတယ်  တွေကို ပေါင် ၅၀၀၊ ဗုံး ၂ လုံး ပထမအကြိမ်ကြဲချခဲ့ပြီး မနက် ၄ နာရီဝန်းကျင် ဒုတိယအကြိမ် ထပ်မံဗုံးကြဲခဲ့တာကြောင့် အဆောက်အအဦးထိခိုက်ပျက်စီးပြီး အရပ်သားထိခိုက်သေဆုံးခဲ့တာဖြစ်တယ်လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

“တစ်ခါလာကြဲရင် ၂ လုံးဟုတ်တယ်။ ဒီမနက်လာကြဲတာက ရပ်ကွက် ၂ ကို အဓိက ဦးတည်ပြီး လာကြဲသွားတယ်။ တစ်လုံးက လမ်းပေါ်မှာပဲကျလုံးထိခိုက်မှုမရှိဘူး။ ကျန်တာကတော ဟိုတယ်အဆောက်အဦးတွေနဲ့ ဘေးပတ်ဝန်းကျင် နေအိမ်တွေမှာထိလို့အမျိုးသမီး တစ်ယောက်သေတယ်။ စုစုပေါင်း ဗုံး ၄ လုံးကြဲချသွားတာ လူက ၁၅ ဦး ထိခိုက်တယ်။” လို့ လားရှိုးဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီက မန်ဆူဘက်ကို ဦးတည်ပြီး လေကြောင်းနဲ့ဗုံးကြဲခဲ့တာကြောင့် အဆောက်အဦးတွေပျက်စီးသွားပါတယ်။

စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ပေါ်ကို ၂ ရက်ခြားတစ်ခါ  လေကြောင်းနဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦးတွေနဲ့ နေအိမ်စုစုပေါင်း ၂၀ ထက်မနည်း ထိခိုက်ပျက်စီးသွားပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။

ခုလို စစ်တပ်က လားရှိုးမြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် နေရပ်ပြန်လာနေပြီဖြစ်တဲ့ ဒေသခံပြည်သူတွေလည်း ပြန်လည်ထွက်ခွာသူတွေရှိသလို အခြားမြို့နယ်တွေမှာ စစ်ဘေးရှောင်နေကြရတဲ့လားရှိုးဒေသခံအားလုံးနီးပါးလည်း ပြန်လာလို့မရပဲ ကာလကြာရှည်လာပြီဖြစ်ပါတယ်။

“စစ်တပ်က လားရှိုးကို ပြန်ယူချင်တဲ့သဘောနဲ့ လေကြောင်းကနေပဲ ဆက်တိုက် လာတိုက်ခိုက်နေတာလို့ယူဆရတယ်။ ဒီလိုပဲ ဆက်တိုက်လုပ်နေမယ်ဆိုရင် ဒေသခံပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှုများမယ်။ ဒေသခံပြည်သူတွေလည်း စိုးရိမ်လို့ပြန်ထွက်နေကြတဲ့သူတွေများတယ်။ တချို့က အဆင်မပြေလို့ မထွက်တဲ့ဟာတွေနဲ့ ပြန်ထွက်ကြတဲ့သူတွေလည်းရှိကြတယ်” လို့ လားရှိုးဒေသခံ ဆက်ပြောပါတယ်။

လက်ရှိ လားရှိုးမြို့မှာ တစ်အိမ် တစ်ယောက်နှုန်းနဲ့ နေအိမ်စောင့်တဲ့သဘောမျိုး ပြန်လာနေကြတဲ့သူတွေကလွဲပြီး လားရှိုးဒေသခံအားလုံးနီးပါးကတော့ နေရပ်မပြန်လာကြသေးဘူးလို့ဆိုပါတယ်။

တစ်ဖက်မှာ လားရှိုးမြို့ထဲအုပ်ချူပ်ရေးယန္တရားတွေ ပြန်လည်ပတ်နိုင်အောင် ကိုးကန့် MNDAA ဘက်က ကြိုးစားနေပေမယ့် ဒီနေ့ထိတော့ ထိရောက်တဲ့အုပ်ချုပ်မှု ယန္တရားမတည်ဆောက်နိုင်သေးတာလည်း ဖြစ်ပါတယ်။

လားရှိုးမြို့ကို  ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့ကတည်းကစပြီး ကိုးကန့် MNDAA ဘက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲငြိမ်သက်သွားတာ ၁ လ ကျော် ကြာလာပြီဖြစ်ပေမဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေသေးတာလည်း ပါတယ်။

April 4, 2026
ဖားကန့်မြို့နယ် မော်ဝမ်းကျေးရွာ စစ်ဗျူဟာကုန်းအနောက်ဘက်ခြမ်းရှိ အင်မားယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ...
April 3, 2026
တစ်လကျော်ခန့်အကြာ တိုက်ပွဲငြိမ်သက်နေတဲ့ ဖားကန့်ဒေသမှာ ဧပြီလ ၂ ရက်နေ့ကစတင်ပြီး...
April 2, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲက အိန္ဒိယ–မြန်မာနယ်စပ်...
ကသာမြို့နယ်အတွင်းမြင်တွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များ Photo - Crd
April 1, 2026
စစ်ကိုင်းတိုင်းဒေသကြီးက တိုက်ပွဲဖြစ်နေတဲ့ ကသာမြို့မှာ စစ်တပ်က မြို့အလုံးစုံကို...