ကျိုက္ခမီမြို့မှာ ဝမ်းရောဂါကြောင့် သေဆုံးသူခြောက်ဦးအထိရှိလာ

ကျိုက္ခမီမြို့မှာ ဝမ်းရောဂါကြောင့် သေဆုံးသူခြောက်ဦးအထိရှိလာ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် သေဆုံးသူ ခြောက်ဦးအထိ ရှိလာပြီးနောက် မြို့တွင်းရှိ စားသောက်ဆိုင်အားလုံး ယာယီပိတ်သိမ်းထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကျိုက္ခမီမြို့မှာ စက်တင်ဘာပထမအပတ်က စတင်ပြီး ပင်လယ်ပြင် ငါးဖမ်းစက်လှေသမားတွေနဲ့ ကျားဖောင်လုပ်သားတွေအပါအဝင် ဒေသခံပြည်သူတချို့မှာ ဝမ်းရောဂါကူးစက် ဖြစ်ပွားမှုတွေ ရှိလာခဲ့တာပါ။

ဝမ်းရောဂါကြောင့် စက်တင်ဘာ ၁၃ ရက်နေ့အထိ သေဆုံးသူခြောက်ဦးအထိရှိလာပြီး သေဆုံးသူတွေဟာ ငါးဖမ်းစက်လှေလုပ်သားတွေနဲ့ ကျားဖောင်အလုပ်သမားတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဝမ်းရောဂါကူးစက် ဖြစ်ပွားနေတဲ့အတွက် စက်တင်ဘာ ၁၀ ရက်နေ့ကစပြီး ကျိုက္ခမီမြို့အတွင်းရှိ စားသောက်ဆိုင်အားလုံးကို  ၁၀ ရက်ကြာ ပိတ်သိမ်းထားဖို့ စစ်ကောင်စီရဲ့ သံဖြူဇရပ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ညွှန်ကြားထားတာပါ။

ကျိုက္ခမီမြို့ခံတစ်ဦးက ငါးဖမ်းအလုပ်သမားတွေမှာ ဝမ်းရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် မြို့ တွင်းက စားသောက်ဆိုင်တွေကို ပိတ်သိမ်းဖို့ ညွှန်ကြားလာတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပြပါတယ်။

“ အဓိကတော့ ပင်လယ်ကနေ ပြန်လာတဲ့ လှေလုပ်သားတွေ တစ်ယောက်ပြီး တစ်ယောက်သေတာ။ အခုဆိုရင် ခြောက်ယောက်ရှိသွားပြီ။ သေတာများတော့ အဲဒီလုပ်သားတွေပါ သူတို့ကခေါ်ပြီးတော့ ဓာတ်ခွဲစစ်ဆေးတယ်။ စစ်ဆေးလိုက်တော့ ဝမ်းရောဂါပိုး တွေ့တယ်လို့ ပြောတယ်။ ပိုးတွေ့တဲ့အတွက် စားသောက်ဆိုင်အားလုံး ၁၀ ရက် ပိတ်ခိုင်းထားတယ်” လို့ ဆိုပါတယ်။

ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားခဲ့တဲ့ ငါးဖမ်းစက်လှေပေါ်က ရေလုပ်သား ၈၃ ဦးကို အသွားအ လာ ကန့်သတ်ထားပြီး အဲဒီထဲက ဝမ်းရောဂါဖြစ်ပွားနေတဲ့ ရေလုပ်သား ၁၂ ဦးကို ကျိုက္ခမီဆေးရုံမှာ စောင့်ကြည့်ကုသနေတာ ဖြစ်ပါတယ်။

ဝမ်းရောဂါကြောင့် သေဆုံးမှုတွေ ရှိလာတဲ့အတွက် မြို့အတွင်းက အောင်ပင်လယ်၊ အောင်သုခရပ်ကွက်နဲ့ မြမာလာကျေးရွာတွေမှာ ကလိုရင်းဆေး ဝေပေးတာ၊ ကျန်းမာရေး အသိပညာပေးတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက္ခမီမြို့ဟာ ရေလုပ်ငန်းကို အများစု လုပ်ကိုင်ကြတာ ဖြစ်ပြီး နှစ်စဉ် ငါးဖမ်းရာသီမှာ ငါးဖမ်းလှေရာနဲ့ချီ ထွက်ရှိကာ ရေလုပ်သား မိသားစုပေါင်း ထောင်နဲ့ချီ ရှိတယ်လို့လည်း ငါးလုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

April 7, 2026
ပြန်လည်ဖွင့်လှစ်လိုက်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းတစ်လျှောက်မှာ နေရာယူတပ်စွဲထားတဲ့...
ဓာတ်ပုံ-MOI
April 4, 2026
တတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အထိ ဖွဲ့စည်းထားတဲ့ လွှတ်တော် ရေးရာ...
ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...