မွန်ပြည်နယ် လွှတ်တော်တွင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း စစ်အုပ်စု လက်အောက်ခံ ပြည်နယ်အစိုးရအဖွဲ့ကမူ အရေးယူနှိမ်နင်းခြင်း မပြုဘဲ ဆက်လက် မျက်ကွယ်ပြုထားသည်ဟု ဒေသခံများက ပြောသည်။
ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသကဲ့သို့ ရက်ရှည်လများ ဆောင်ရွက်နေသည့် လောင်းကစားဝိုင်းများ တားဆီးပိတ်ပင်ပေးရေး အဆိုကို ပြီးခဲ့သည့် ဇွန် ၁၉ ရက်တွင် ကျင်းပသော မွန်ပြည်နယ် လွှတ်တော် အစည်း အဝေး၌ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။
လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အတည်ပြုထားသော်လည်း အဆိုအောင်မြင်ပြီး နှစ်လဝန်းကျင် ကာလအထိ လောင်းကစားဝိုင်းများသည် မြေပြင်တွင် မိုးလုံလေလုံရုံများဖြင့် အခိုင်အမာ ဆက်လက် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။
လောင်းကစားဝိုင်းများ ပိတ်သိမ်းရေးအဆို အောင်မြင်ထားသော်လည်း မြေပြင်တွင်မူ လောင်းကစားဝိုင်းများ ဆက်ရှိနေသကဲ့သို့ လွှတ်တော်တွင် အဆိုအောင်သော်လည်း ဘာမျှ ပြောင်းလဲသွားခြင်း မရှိကြောင်း မွန်ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်သို့ ပြောသည်။
မွန်ဒေသခံ တစ်ဦးက “လွှတ်တော်က လွှတ်တော်ပဲ၊ လောင်းကစားက လောင်းကစားပါပဲ၊ဘာမှ သိပ်ပြီး မဖြစ် ဘူး။ ဘာမှလည်း မပြောင်းလဲ သွားဘူး။သူတို့ဘာ သူတို့အပေါ်မှာ ဘာကြီးပဲ ဖြစ်ဖြစ် ဘာညာပြောတာ၊ လွှတ် တော် အောင်တာပဲ ဖြစ်ဖြစ် အောင်တာ ပြောတာ သူက သူ့အတွက်ပဲ အောင်သွားတာလေ။ ကျန်တဲ့သူ အတွက် က ဘာမှမဖြစ်လာဘူး ဒီအတိုင်းပဲ” ဟု ပြောသည်။
ထို့ပြင် လောင်းကစားဝိုင်းများ ပိတ်သိမ်းရန် လွှတ်တော်တွင် အဆိုအောင်ထားသော်လည်း လက်တွေ့တွင် စစ်အုပ်စုဘက်က အလုပ်လုပ်မှသာ လောင်းကစားဝိုင်းများ ပပျောက်မည်ဖြစ်ပြီး လက်ရှိအချိန်ထိ အခကြေးငွေ ယူကာ ခွင့်ပြုထားသည့်အတွက် ပပျောက်ရန်ဆိုသည်မှာ မဖြစ်နိုင်ကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
စစ်အုပ်စု၏ မွန်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းကမူ ဒေသတွင်း၌ လောင်းကစား ဝိုင်းများ မရှိစေရေးနှင့် ဖမ်းဆီးအရေးယူမှုများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟု အဆိုပါ လွှတ်တော် အစည်းအဝေးတွင် ကတိပြုခဲ့သည်။
ထို့ပြင် လောင်းကစားဝိုင်းများကို တာဝန်ရှိသူ အဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန်၊ လောင်းကစားများ လျော့နည်းသွားပြီး အမြစ်ပြတ်စေရေးနှင့် ပြန်လည်မရှိစေရေး နည်းလမ်းများ ဖော်ထုတ်၍ ဆက်လက် ဆောင် ရွက်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။
လွှတ်တော်တွင် အဆိုအောင်မြင်ထားသည့် ကိစ္စရပ်များသည် မြေပြင်ပကတိ အခြေအနေနှင့် ကွဲလွဲပါက အစိုးရ အဖွဲ့၏ အရည်အချင်းပိုင်းကို ပြန်လည်စိစစ်နိုင်ကြောင်း ဝါရင့် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သံလွင်တိုင်းမ်သို့ သုံးသပ်ပြောဆိုသည်။
“အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေကို လွှတ်တော်ကို တင်ပြရမယ်။ လွှတ်တော်ကလည်း အခါအားလျှော်စွာ ဆောင်ရွက်ချက် အခြေအနေတွေကို ပြန်လည် သုံးသပ်နိုင်တယ်။ တစ်နည်းအားဖြင့် လောင်းကစားဝိုင်းအဆိုနဲ့ ပြောရင်တော့ အဲဒီဆောင်ရွက်ချက်တွေ တင်ပြချက်တွေဟာ အကယ်၍ မြေပြင်ပကတိ အခြေအနေနဲ့ ကွဲလွဲ ရင်တော့ ဒါက အရည်အချင်းပိုင်းနဲ့ ပြန်စိစစ်လို့ရပြီ။”
လက်ရှိ မြေပြင်အခြေအနေတွင်မူ လောင်းကစားဝိုင်းများသည် ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ မြို့နယ်လုံး၌ အခိုင်အမာ ရုံများဖြင့် ဆက်လက်ရှိနေပြီး လွှတ်တော်အဆို အောင်မြင်ပြီးနောက် ကစားဝိုင်းကြေးများပင် တိုးမြှင့်ကောက်ခံလာကြောင်း ဒေသခံများက ပြောသည်။
ယခုကဲ့သို့ လောင်းကစားဝိုင်းများကြောင့် ဒေသတွင်း၌ ဆိုင်ကယ်ခိုးမှုများ၊ အခြား ခိုးဆိုးလုနှိုက်မှုများ၊ မိသားစု အဆင်မပြေမှုများအပြင် အခြား မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု၏ ပြည်နယ် အစိုးရကမူ လျစ်လျူရှုထားဆဲဖြစ်သည်။
မွန်ပြည်တွင် လောင်းကစားဝိုင်းများကို အရင် အစိုးရအဆက်ဆက်က တရားဝင်သဖွယ် ခွင့်ပြုခဲ့ခြင်း မရှိသော် လည်း စစ်အုပ်စု အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးပြကာ ပွဲလမ်းသဘင်များ သွင်း၍ ခွင့်ပြုသည့် အပြင် ရုံများဖြင့်ပါ လောင်းကစားဝိုင်းများကို တရားဝင်သဖွယ် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။







