စစ်သင်္ဘောများ ကသာမြို့ကို ရောက်ရှိပြီး လက်နက်၊ ရိက္ခာ၊ လူအင်အားများချထား

စစ်သင်္ဘောများ ကသာမြို့ကို ရောက်ရှိပြီး လက်နက်၊ ရိက္ခာ၊ လူအင်အားများချထား

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ မြန်မာနိုင်ငံအထက်ပိုင်းကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့ကို စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ ရောက်ရှိနေပြီး လက်နက်၊ ရိက္ခာ၊ စစ်အင်အားများ ချထားတယ်လို့ သိရှိရပါတယ်။

“ စစ်အင်အားတွေ ရောက်တယ် စစ်သင်္ဘောနဲ့။ ဗန်းမော်နဲ့ ကသာနဲ့။ ဗန်းမော်ကိုရော ကသာကိုရော နှစ်ခုစလုံး။ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ၊ အင်အား အကုန်လာချတယ်။ ရောက်တာက မနေ့က ညနေ ရောက်တာ။ သင်္ဘောက ၅ စီး။ ဗန်းမော်ဘက်ကိုတော့ ဘယ်နှစ်စီး တက်မလဲတော့ မသိဘူး။” လို့ ဒေသခံတစ်ဦးက အတည်ပြု ပြောဆိုပါတယ်။

ကသာမြို့ကို စစ်ကောင်စီစစ်သင်္ဘော စုစုပေါင်း ၅ စီး ရောက်ရှိနေပေမယ့် ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်မည့် စစ်သင်္ဘောအရေအတွက်ကိုတော့ မသိရှိရသလို ကသာမြို့မှာ လာချသွားတဲ့ စစ်လက်နက်နှင့် စစ်အင်အားကိုလည်း မသိရှိရဘူးလို့ ဆိုပါတယ်။

ကသာမြို့ကနေ ဗန်းမော်ဘက်ကို ဆန်တက်သွားသည့် စစ်သင်္ဘောတွေကို တော်လှန်ရေးအင်အားစုတွေဘက်က ယနေ့ (၁၁) နာရီခွဲဝန်းကျင်မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့  စစ်ကောင်စီနဲ့ နီးစပ်တဲ့ နောက်ထပ်သတင်းအရင်းတစ်ဦးကပြောပါတယ်။

“ သူတို့(စစ်ကောင်စီ) ဒီသင်္ဘော ကုန်တင်သင်္ဘောလား ဘာလား ရိက္ခာ သွားပို့တယ်ဆိုအေး။ အဲ့ဒါကို သူတို့ငပီ(PDF)တွေ ဝိုင်းပစ်တာ။ ဝိုင်းပစ်တော့ ဟို(စစ်ကောင်စီ)က လေယာဥ်နဲ့ ပြန်ပစ်ခဲ့တယ်တဲ့။”  လို့ သူက ပြောပါတယ်။

စစ်ကောင်စီ စစ်သင်္ဘောများ ဆန်တက်ချိန်မှာ မြစ်ကြောင်းတစ်လျှောက် တော်လှန်ရေးအင်အားစုတွေရဲ့  တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ဖို့အတွက် လေကြောင်းကနေ လုံခြုံရေးပေးခဲ့တာလို့ သိရပါတယ်။

မြန်မာနိုင်ငံအထက်ပိုင်းကို စစ်ကောင်စီက ဩဂုတ်လ နောက်ဆုံးအပတ်မှာ မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်သင်္ဘော ၈ စီးဖြင့် စေလွှတ်ခဲ့တာဖြစ်တယ်လို့ သတင်းမှတ်တမ်းများအရ သိရှိရပြီး ကသာမြို့ကိုတော့ စစ်သင်္ဘော ၅ စီးသာ ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

မန္တလေးတိုင်းမှအထက်ပိုင်းဒေသကြီးဘက်ကို စက်လှေများ ဆန်တက်ခြင်းမရှိတာဟာ တစ်နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်းမှ ပထမဆုံးအကြိမ် ပြန်လည်ဆန်တက်တာလည်းဖြစ်ပါတယ်။

May 25, 2026
မြစ်ကြီးနားမြို့ပေါ်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် ရွှေပြည်သာရပ်ကွက် ရှိ...
May 23, 2026
တိမ်ညိုတွေဟာ ကောင်းကင်တစ်ခုလုံးကိုဖုံးလွှမ်းနေပါတယ်။ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းက...
May 22, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဘိုကုန်းကျေးရွာအုပ်စုမှာ ...
May 21, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းရှိ အင်းအရှေ့ကမ်းကျေးရွာတွေဖြစ်တဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း...