စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးမှာ ပူးပေါင်းသူတွေကို အရေးယူမယ်လို့ မွန်ပြည်သစ် AD ပြော

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးမှာ ပူးပေါင်းသူတွေကို အရေးယူမယ်လို့ မွန်ပြည်သစ် AD ပြော

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နှင်းရေးအစီအစဉ်အပေါ် ဆန့်ကျင်သွားဖို့နဲ့ ပူးပေါင်းလုပ်ဆောင်မှုအပေါ် ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ AD က အသိပေးကြေညာလိုက်ပါတယ်။

အသက် ၃၅ နှစ်အထက် အရပ်သားအမျိုးသားတွေကို ကျေးရွာ၊ ရပ်ကွက် လုံခြုံရေးအတွက် စု‌ဆောင်းနေမှုအပေါ် မွန်ပြည်သစ်ပါတီ AD စစ်ရေးနိုင်ငံရေး ဦးဆောင်အဖွဲ့က ဩဂုတ် ၂၉ ရက်နေ့မှာ အမိန့်ညွန်ကြားစာ ထုတ်ပြန်လာတာပါ။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က စစ်ကောင်စီလုပ်မယ့် ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ လိုအပ်နေတဲ့ အင်အားကို ဖြည့်ဆည်းပေးတာဖြစ်လို့ မပူးပေါင်းကြဖို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို အသိပေးတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုသူတို့ လုပ်ဆောင်မယ့် ပြည်သူ့လုံခြုံရေးအဖွဲ့က သူတို့လိုအပ်နေတဲ့ အရေးနိမ့်နေတဲ့ အင်အားလျော့နည်းနေတဲ့ စစ်ကောင်စီအားကို ဖြည့်ဆည်းပေးတဲ့ လုပ်ငန်းတစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါကြောင့် ဒီအ‌ပေါ်မှာ ကျွန်တော်တို့က ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်။ ကျွန်တော်တို့ လှုပ်ရှားရာဒေသမှာရှိတဲ့ ဒေသခံတွေအားလုံး ဒီလုပ်ငန်းမှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ အထူးသဖြင့် ဒီကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကို ကျွန်တော်တို့ အသိပေးတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

အမိန့်ညွန်ကြားစာမှာတော့ မွန်ပြည်သစ်ပါတီ AD လှုပ်ရှားတဲ့ မွန်၊ကရင်၊ တနင်္သာရီက ကျိုက်မရော၊ ကော့ကရိတ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြောက်ပိုင်းနဲ့ ရေဖြူမြို့နယ်အတွက် ရည်ညွန်းထားတာပါ။

စစ်ကောင်စီဖွဲ့စည်းခဲ့တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စုအထိ လမ်း၊ ရပ်ကွက်အလိုက် လုံခြုံရေးအတွက် အဖွဲ့ဝင်တွေ စု‌ဆောင်းနေတာပါ။

ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို စစ်သင်တန်းပေးတာ၊ လက်နက်တပ်ဆင်တာ၊ ထောက်ပံ့ပို့ဆောင်တာနဲ့ ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းကယ်ဆယ်ရေး တာဝန်တွေလည်း ပေးအပ်ဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။

ဒါ့အပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ဖို့ကိုလည်း အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းဗျူဟာတွေ လေ့ကျင့်ပေးတာ၊ တပ်ဖွဲ့ဝင်တွေကို နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်တွေမှာလည်း အသုံးချဖို့ ဖြစ်ပါတယ်။

နိုင်ဗညားမွန်ကတော့ “ဆွဲသွင်းခံရတာပဲ ဖြစ်ဖြစ် ကိုယ့်သဘောနဲ့ပဲ ဖြစ်ဖြစ် ဒီအဖွဲ့မှာ ပါဝင်ကတည်းက စစ်ကောင်စီရဲ့ အဖွဲ့တစ်ခုလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ဒီအပေါ်မှာလည်း ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်လိုပုံစံနဲ့ အရေးယူဆောင်ရွက်သွားမယ်ဆိုတာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

လက်ရှိ မြန်မာစစ်တပ်အခြေအနေဟာ နိုင်ငံအနှံ့ ဝန်းရံတိုက်ခိုက်ခံနေရပြီး ထွက်ပြေးတာ ၊လက်နက်ချတာ၊ စခန်းသိမ်းခံရတာတွေ ရှိနေတဲ့အတွက် အင်အားပြန်လည် ဖြည့်တင်းရေးဟာ စစ်ကောင်စီကို အသက်ဆက်ဖို့ ဖြစ်စေတယ်လို့ အမိန့်ညွှန်ကြားစာမှာ ဖော်ပြပါတယ်။

ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နှင်းရေးအဖွဲ့မှာ ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ဆောင်ကြဖို့ သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ဒေသအလိုက် အမိန့်ညွန်ကြားထားတာပါ။

တကယ်လို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ အမိန့်ညွန်ကြားစာကို မလိုက်နာဘဲ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ အဖွဲ့ဝင်အဖြစ်ပါတာ ပို့ဆောင်တာတွေ ပြုလုပ်လာရင် ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ မွန်ပြည်သစ် AD က ကြေညာထားပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...