ကျေးသီးမြို့သို့ စစ်ဘေးရှောင်လာသူများ စားနပ်ရိက္ခာ အကူအညီလိုအပ်

ကျေးသီးမြို့သို့ စစ်ဘေးရှောင်လာသူများ စားနပ်ရိက္ခာ အကူအညီလိုအပ်

သျှမ်းပြည် ကျေးသီးမြို့နယ်တွင် ကျန်ရှိနေသော စစ်‌ဘေးရှောင် တစ်ထောင်ခန့် အတွက် စားနပ်ရိက္ခာ အကူအညီ လိုအပ်နေပြီး၊ နေရပ်ပြန်ရန် စိုးရိမ်နေကြကြောင်း သိရသည်။

လားရှိုးမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲများကြောင့် ဒေသခံများ ဇူလိုင်လ ဒုတိယပတ်မှစတင်၍ ဘေးလွတ်ကင်းရာ ကျေးသီးမြို့သို့ စစ်ဘေးတိမ်းရှောင် လာခဲ့ကြောင်း သိရသည်။

လားရှိုးမှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် တစ်ထောင်ခန့်သည် ကျေးသီးမြို့ပေါ်ရှိ ဆွေမျိုးအိမ်များ၊ ဘာသာရေးကျောင်းများ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြရပြီး စားနပ်ရိက္ခာ အခက်အခဲများ ကြုံတွေ့နေရကြောင်း စစ်‌ဘေးရှောင် အမျိူးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျောင်းဝန်းထဲမှာပဲ နေနေကြတာ။ ဆန်နဲ့ဆီကတော့ လိုနေပြီ။ အချင်းချင်း ပိုက်ဆံတွေစုပြီး ဝယ်စားနေကြရတာလည်း ရှိတာပေါ့။ စားသောက်ဖို့ကလည်း ချွေတာရတယ်။ တခါတလေ ငါးပိလေးနဲ့ အသီးအရွက်လေးနဲ့ တစ်ရက် ပြီးသွားတာရှိတယ်။ အသီးအရွက်နဲ့ပဲ အကုန် ပေါင်းစားနေကြရတာ။ ရေရှည်အတွက်တောင် ဘယ်လိုလာမလဲ မပြောတက်ဘူး”ဟု စစ်‌ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ ကျေးသီးမြို့တွင် ၁ လခန့် ထွက်ပြေးတိမ်းရှောင်လာသော လားရှိုးစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ ကူညီသူများ နည်းပါးလာပြီး ရေရှည်အတွက်လည်း စိုးရိမ်ရကြောင်း စစ်ဘေးရှောင်ကူညီသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ခုကတော့ စဉ်းစားပေးနေရတယ် ရေရှည်အတွက်ဆို သူတို့ကို ကူညီဖို့ကလည်း ခက်ခဲတယ်။ ကူညီပေးတဲ့ လူတွေကလည်း နည်းလာပြီ။ ဘုန်းကြီးကျောင်းတွေ ဘာသာရေးကျောင်း ၁၀ ကျောင်းလောက်မှာ စစ်ဘေးရှောင်က ၆၀၀ ကျော်လောက် ရှိတယ်။ ကျ‌နော်တို့ကတော့ လိုက်အလှူခံပြီးတော့ ပြန်ကူညီရတာပေါ့။ အရင်ကလည်း ဘေးရွာကနေ လာလှူတာတွေရှိတယ်။ ကြာလာတော့ သိပ်မရှိတော့ဘူး”ဟု စစ်ဘေးရှောင်ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့တွင်ကို ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေပြီး၊ ကိုးကန့်တပ်ဖွဲ့မှ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူများကို နေရပ်ပြန်ရန် ပြောဆိုနေသော်လည်း စစ်ကောင်စီမှ လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်နေသည့်အတွက် စစ်ဘေးရှောင်များ နေရပ် မပြန်ရဲသေးကြောင်း စစ်ဘေး‌ရှောင် အမျိုးသမီးတစ်ဦးက ဆက်ပြောသည်။

“အခုကတော့ ပြန်လို့ရတယ် ပြောကြပေမယ့် ကျမတို့က မပြန်ရဲသေးဘူး။ တခြား မပြန်ရဲသေးတာတွေလည်း အများကြီးပါ။ သီပေါမှာတောင် ဗုံးလာကြဲတယ်ဆိုတော့။ ပြန်ရင်လည်း စိုးရိမ်ရတယ်။ တချို့ပြန်လည်း အိမ်ကို ပြန်ကြည့်တယ် အဝတ်ပြန်သိမ်း အဲ့လောက်ပဲ”ဟု စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် ကျေးသီးမြို့တွင် အလုပ်အကိုင်များ ရှားပါးပြီး ဒေသခံများအတွက်လည်း အခက်အခဲ ကြုံတွေ့ရကြောင်း သိရသည်။

ကျေးသီးမြို့တွင် လားရှိုးမှ လာသော စစ်ဘေးရှောင်များအပြင် မိုင်းရယ်၊ နမ့်လန်မြို့မှ ထွက်ပြေးတိမ်းရှောင် လာသူများလည်းရှိပြီး စစ်ဘေးရှောင်အများစုသည် အမျိုးသမီးနှင့် သက်ကြီးရွယ်အို များကြောင်း စစ်ဘေးရှောင် ကူညီသူ အမျိုးသားတစ်ဦးက ပြောသည်။

ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်တပ်များ၏ လားရှိုးမြို့ပေါ် တိုက်ပွဲများကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးရှောင်များသည် ဘေးလွတ်ကင်းရာ နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊ မိုင်းကိုင်၊ မိုင်းရှူး၊ လဲချား၊ ပင်လုံ၊ နမ့်စန်နှင့် တောင်ကြီး၊ အောင်ပန်းစသည့် မြို့များသို့ ရောက်ရှိနေကြပြီး စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူများက ပြောသည်။

March 9, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက်...
March 6, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
March 5, 2026
စိုင်းဆိုင်အိုက် — “ရွှေတြိဂံ ဒေသ” သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်သို့ ခိုးဝင်လာပြီး...
March 4, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာလျှင် ၃၆၀၀ ကျပ်အထိ ဈေးတက်လာပြီး...