Dawei Watch သတင်းထောက် နှစ်ဦး ထောင်ဒဏ်တစ်သက်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

Dawei Watch သတင်းထောက် နှစ်ဦး ထောင်ဒဏ်တစ်သက်နဲ့နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

Dawei Watch သတင်းဌာနရဲ့ မြိတ်မြို့ အခြေစိုက် သတင်းထောက် နှစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သတင်းဌာနဘက်က သြဂုတ် ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်းရေးသားမှု အကြောင်းပြချက်နဲ့ ဖမ်းဆီးသွားတဲ့ Dawei Watch သတင်းထောက် ကိုမျိုးမြင့်ဦးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊ သတင်းထောက် ကိုအောင်ဆန်းဦးကို ထောင်ဒဏ် အနှစ် ၂၀ အသီးသီး ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

“သတင်းသမားတွေကို အကြမ်းဖက်ပုဒ်မတပ်ပြီး ပြစ်ဒဏ်ချတာကတော့ တော်တော်လေးရုပ်ပျက်တယ်လို့ ပြောရမယ်။ လာဖမ်းတုန်းကလည်း သတင်းသမားဆိုပြီး အဖမ်းခံရတာ။ အခုတော့ အကြမ်းဖက်ပုဒ်မနဲ့ထောင်ချတယ်။ ဘယ်လိုမှလက်ခံလို့မရဘူး” လို့ Dawei Watch သတင်းဌာန အယ်ဒီတာချုပ် ကိုကျော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ Dawei Watch သတင်းထောက် နှစ်ဦးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့ ညက နေအိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ လာရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရာမှာလည်း သတင်းရေးသားမှု အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့သလို လက်ပ်တော့နဲ့ဖုန်းတွေကိုလည်း သိမ်းဆည်းခဲ့တာပါ။

အဲဒီနောက် စစ်ကြောရေးမှာ လေးရက်ကြာ ရိုက်နှက်စစ်ဆေးပြီး မြိတ်အကျဉ်းထောင်သို့ ပိုဆောင်ခဲ့ကာ နောက်ပိုင်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေနဲ့ မတရားထောင်ချခဲ့ပါတယ်။

အခုလို သတင်းသမားတွေကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးတာ၊ ဥပဒေနဲ့အညီ ခုခံကာကွယ်ခွင့် မပေးဘဲ ထင်သလို ပြစ်ဒဏ်ချမှတ်တာကို ပြင်းထန်စွာကန့်ကွက် ရှုတ်ချကြောင်းနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ Dawei Watch သတင်းဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ်က ထားဝယ်မြို့မှာ စတင်တည်ထောင်ခဲ့ပြီး လက်ရှိမှာလည်း တနင်္သာရီနဲ့ မွန်ပြည်နယ်သတင်းတွေကို ဦးစားပေး ဝန်ဆောင်မှု ပေးနေသလို နိုင်ငံတဝန်းနဲ့ ပြောင်းရွှေ့အလုပ်သမား သတင်းတွေကိုလည်း တင်ဆက်နေတာပါ။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တုန်းကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့အခြေစိုက် Dawei Watch သတင်းဌာနရုံးကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့ပြီး သတင်းထောက်နှစ်ဦးနဲ့ ရုံးဝန်ထမ်းတစ်ဦးကို ဖမ်းဆီးခဲ့ပါသေးတယ်။

နယ်စည်းမခြားသတင်းထောက်များ RSF ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဟာ သတင်းသမား ခုနှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ၆၂ ဦးကို ဖမ်းဆီးထောင်ချခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...