KNU ပါဝင်သော မဟာမိတ်အဖွဲ့များ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေး အတိုင်ပင်ခံနှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး

KNU ပါဝင်သော မဟာမိတ်အဖွဲ့များ အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေး အတိုင်ပင်ခံနှင့်တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေး

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ အမျိုးသားညီညွှတ်ရေးအစိုးရ-NUGနှင့် အခြားတိုင်းရင်းသားမဟာမိတ်များ ပါဝင်သော အဖွဲ့မှ ပြီးခဲ့သည့် ဩဂုတ်လ(၁၅)ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် မစ္စတာတွမ်ဆူလီဗန်နှင့် အွန်လိုင်းအစည်းအဝေးပြုလုပ်၍ မြန်မာ့အရေးဆွေးနွေးခဲ့ကြကြောင်း KNU ဗဟိုက ယနေ့ထုတ်ပြန်သည်။

ဆွေးနွေးပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာ၌ စည်းလုံးညီညွှတ်ရန်၊ ပြည်သူ့ဝန်ဆောင်မှုနှင့် လူသားချင်းစာနာမှုအကူအညီ မြှင့်တင်ရန် စသည့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများကို တိုက်ရိုက်ကူညီခြင်းဖြင့် အရပ်သားအုပ်ချုပ်ရေးသို့‌ခြေလှမ်းဖြစ်စေမည့် ပံ့ပိုးမှုများ အမေရိကန်နိုင်ငံမှ ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း မစ္စတာတွမ်ဆူလီဗန်က အလေးပေးပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အမေရိကန်နိုင်ငံအနေဖြင့် စစ်ကောင်စီအပေါ် ဖိအားပေးမှုများ ဆက်လက်လုပ်ဆောင်ရန်၊ မြန်မာပြည်သူများအပေါ် ကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူ၊တာဝန်ခံမှု ရှိစေရန် အရေးကြီးလုပ်ဆောင်ရမည်ဟု အလေးပေး‌ပြောဆိုခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် သက်ဆိုင်သူများအားလုံးပါဝင်သော ဆွေးနွေးပွဲ ပြင်ဆင်ခြင်း၊ ဒေသန္တရအုပ်ချုပ်ရေးမြှင့်တင်ခြင်း၊ ဒီမိုကရေစီလိုလားသည့် တော်လှန်ရေးအဖွဲ့အစည်းများကြား မဟာမိတ်ဖွဲ့ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစီအမံများနှင့် အမေရိကန်နိုင်ငံ၏မူဝါဒအကြောင်းများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ကေအဲန်ယူ-ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

KNU မှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးနှင့် KNU ပြောခွင့်ရ ပဒိုစောတောနီးတို့တက်ရောက်ခဲ့သော အဆိုပါဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦး-CNF၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ-KNPP၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC တို့လည်း ပါဝင်ခဲ့ကြသည်။

ပြီးခဲ့သည့် မတ်လပိုင်းက KNU, KNPP, CNF, ကချင်လွတ်လပ်ရေးအဖွဲ့-KIO တို့ပါဝင်သောအဖွဲ့မှ နိုင်ငံတကာအကူအညီနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြဖူးသလို ဧပြီလပိုင်းကလည်း လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် မြန်မာ့အကျပ်အတည်းများအတွက် ဂျပန်နိုင်ငံမှတာဝန်ရှိသူများနှင့် တွေ့ဆုံပြောဆိုခဲ့ကြသေးသည်။

Most read this week

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...