ဖားကန့်မှာ ငှက်ဖျားရောဂါအဖြစ်များနေ

ဖားကန့်မှာ ငှက်ဖျားရောဂါအဖြစ်များနေ

ကချင်ပြည်နယ် ဖားကန့်မှာ ငှက်ဖျားဖြစ်နေသူတွေများလာနေပြီး အသက်သေဆုံးတဲ့အထိဖျားနေကြတယ်လို့ ဖားကန့်မြို့ခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်း ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များလာပြီးနောက် တစ်ဆက်တည်းငှက်ဖျားရောဂါလည်း အဖြစ်များလာနေတယ်လို့ ဖားကန့် မှော်ဝမ်းရပ်ကွက်ပြည်သူတစ်ဦးက ပြောပါတယ်။

“ မိုးဦးကျကတည်းကပဲ ဒီနှစ် မိုးကရက်စက်တယ် ငှက်ဖျားရော၊ဝမ်းပျက်ဝမ်းလျှောတာရော ရေကြီးကတည်းကဘဲ ”လို့ ပြောပါတယ်။

လက်ရှိ ငှက်ဖျားရောဂါအဖြစ်များတဲ့နေရာတွေဟာ ဖားကန့်မြို့ပြင်ကျေးရွာတွေဖြစ်တဲ့ တာမခံ၊ဝှေခါနဲ့ မှော်စီဇာအပြင် ဖားကန့်မြို့တွင်းမှာလည်း ငှက်ဖျားပိုးတွေ့သူတွေများလာနေတယ်လို့ ဆိုပါတယ်။

ဖားကန့်ပြည်သူတွေပြောဆိုချက်အရ မြို့တွင်းနေထိုင်သူတွေအနေနဲ့ ဖျားလာပါက ဆေးရုံ၊ဆေးခန်းသွားဖို့ နီးပြီး ဆေးဝယ်ယူဖို့လွယ်ကူပေမယ့် ကျေးရွာနေပြည်သူတွေဟာ မြို့နဲ့အလှမ်းဝေးပြီး ဆေးဝါးကုသမှုမရရှိတာကြောင့်  အသက်သေဆုံးတဲ့အထိ အခြေနေဆိုးရွားနေတယ်လို့ ဖားကန့် တာမခံဘက်က ပြည်သူတစ်ဦး KNG ကိုပြောပါတယ်။

“ ငှက်ဖျားကြောင့် ဆုံးကြရတာတွေ ရှိနေတယ်ဆေးပစ္စည်းတွေ ပို့ဖို့ခက်တဲ့နေရာတွေမှာဖြစ်တာ ပိုးတွေ့လူနာတွေတော့များတယ်။ တောထဲမှာရော ဆေးပစ္စည်းတွေကလည်း ဈေးကြီး ပြီးတော့လိုအပ်တဲ့အချိန်မှာ ဆေးကမရှိတာမျိုးလည်းကြုံနေကြတော့ သေဆုံးတာတွေလည်းရှိနေတယ်”လို့ ပြောပါတယ်။

ကချင်ပြည်နယ်တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံခဲ့သလို၊ ဖားကန့်မှာလည်း ဥရုချောင်းမြင့်တက်ခဲ့တာကြောင့် ရေဘေးသင့်ခဲ့ကြပါတယ်။

ဥရုချောင်းရေတွေပြန်ကျသွားပေမယ့် နေအိမ်အတွင်းအများပိုင်း ရေနစ်မြုပ်တာ၊ရေတွင်းရေနစ်မြုပ်တာတွေကြောင့် သန့်ရှင်းတဲ့သောက်သုံးရေ မလုံလောက်မှုကြုံခဲ့ကြရပြီး ဝမ်းပျက်၊ဝမ်းလျှောအဖြစ်များခဲ့တယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။

တစ်ဆက်တည်းမှာဘဲ ဝမ်းပျက်၊ဝမ်းလျှောဖြစ်သူတွေ သက်သာလာချိန်မှာ ငှက်ဖျားရောဂါဖြစ်သူတွေများလာတာလို့ သိရပါတယ်။

ဒါ့အပြင် စက်သုံးဆီအခက်ခဲကြောင့် ကုန်ကားတွေအဝင်နည်းလာတဲ့အတွက် ဖားကန့်မှာ ကုန်စျေးနှုန်း၊အခြေခံစားသောက်ကုန်နဲ့ဆေးဝါးတွေလည်း စျေးအဆမတန်မြင့်တက်လာတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲနေကြတဲ့အပြင် ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းအင်တာနက်လိုင်းပြတ်တောက်နေတဲ့တွက် ပြည်သူတွေအဖက်ဖက်ကနေ ခက်ခဲကြပ်တည်းနေကြတာပါ။

လက်ရှိ ဖားကန့်မှာ အင်တာနက်လိုင်းသုံးရဖို့ တစ်နာရီကို ကျပ် ၃ သောင်းပေးပြီး တုံကင်စနစ်နဲ့သုံးနေရသလို ငွေလွှဲ၊ငွေထုတ်ဝန်ဆောင်မှုပေးတဲ့ ဆိုင်တစ်ဆိုင်သာရှိတဲ့အတွက် ပြည်သူတွေငွေလွှဲ၊ငွေထုတ်ဖို့လည်း ခက်ခဲနေကြတယ်လို့ သိပါတယ်။

ဖားကန့်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၂ ခုနှစ် ဩဂုတ်လကစပြီး ဖုန်း၊အင်တာနက်သုံးစွဲခွင့်ကို စစ်တပ်က ပိတ်လိုက်ပြီးနောက် အကန့်သတ်နဲ့သာသုံးခွင့်ရနေရာကနေ ဒီနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှာတော့ ဖုန်း၊အင်တာနက်လိုင်းတွေအားလုံးထပ်ပြီး ပြတ်တောက်သွားပြီဖြစ်ပါတယ်။

April 11, 2026
စစ်ကိုင်းတိုင်း– ကချင်အစပ်က ကသာမြို့မှာ ကူးတို့ဆိပ်လိုင်းတစ်ခုကို လုပ်ထုံးလုပ်နည်းအတိုင်းမဟုတ်ဘဲ...
April 9, 2026
နော်ထွယ့်(ဟူးကောင့်) — တနိုင်းသွား လီဒိုလမ်းမပေါ် ရှိ ဝါရာဇွပ်စစ်ရှောင်ပြည်သူတွေဟာ...
April 8, 2026
နော်ထွယ့်(ဟူးကောင့်) — ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ...
April 7, 2026
ဒေသခံတစ်ဦးက သူ့အမြင်ကို ထုတ်ဖော်ပြောဆိုရန် စိတ်ရှိနေသော်လည်း လုံခြုံရေးအပေါ် စိုးရိမ်မှုများက...