ဒုက္ခသည်စခန်းများ၌ လူသစ်စာရင်း ပြန်လည်စစ်ဆေး အတည်ပြုမည်

ဒုက္ခသည်စခန်းများ၌ လူသစ်စာရင်း ပြန်လည်စစ်ဆေး အတည်ပြုမည်

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများ၌ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အသစ်ထပ်မံ ရောက်ရှိသည့် လူသစ်စာရင်းများ ပြန်လည်စစ်ဆေးအတည်ပြုရန် ထိုင်းအားဏာပိုင်များက ညွှန်ကြားထားသည် ဟု ကရင်ဒုက္ခသည်စခန်း တာဝန်ရှိသူများက ပြောသည်။

ဒုက္ခသည် စခန်းများအတွင်း ယာယီလာရောက်ခိုလှုံနေသူများကို စခန်းတာဝန်ရှိသူတို့က ဒုက္ခသည်စာရင်းအတွင်း ထည့်သွင်းထားကာ ယခင်စာရင်းရှိထားသည့်သူများသည် သတ်မှတ် ရိက္ခာများရရှိကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ဒုက္ခသည်စခန်း၌ လာရောက်ခိုလှုံသည့် လူသစ်များရှိသည့်အတွက် ထိုင်းအာဏာ ပိုင်က အဆိုပါစာရင်းကို ကောက်ယူခိုင်းခြင်းဖြစ်ကြောင်း ကရင်ဒုက္ခသည်များကော်မတီ (Karen Refugee Committee- KRC) အတွင်းရေးမှူး စောပွယ်စေးက ယခုလိုပြောသည်။

“ဒုက္ခသည်စခန်းတိုင်းမှာပဲ ဝင်လာတဲ့ လူသစ်တွေကို ထိုင်းအာဏာပိုင်တာဝန်ရှိသူရဲ့ အမိန့်အရပေါ့၊ ဒုက္ခသည် စခန်းမှာဝင်လာတဲ့သူတွေကို သေချာပြန် စိစစ်ခိုင်းတယ်။ လက်ရှိ အခြေအနေအရ မကောင်းတဲ့ လူတွေရောပြီး ဝင်နေမှာစိုးရိမ်တာလည်းပါတယ်။ ပြီးတော့ မူးယစ်ဆေးဝါး လုပ်တဲ့သူတွေလား၊ ဆန့်ကျင်ရေး လုပ်တဲ့သူတွေလား အဲဒါကို ပြန်စိစစ်မယ်။ ပြန်စစ်တဲ့အထဲမှာ လူသစ်တွေဆိုရင် ပြန်ပို့မလား၊ ဘယ်ကိုပြန်ပို့မလဲ ဆိုတာကတော့ မကြားရသေးပါဘူး” ဟု စောပွယ်စေးက ကေအိုင်စီသို့ ပြောသည်။

လာမည့် ဩဂုတ်လ ပထမအပတ်တွင် နို့ဖိုးဒုက္ခသည်စခန်း၌ လူဦးရေစာရင်း စတင်အတည်ပြု စစ်ဆေးမည် ဖြစ်သလို ဒုက္ခသည်စာရင်းတွင် မရှိသည့်သူများကို ထိုင်းအာဏာပိုင်တို့မှ လက်ခံခွင့် မပေးကြောင်းသိရသည်။

နို့ဖိုးဒုက္ခသည်စခန်းတာဝန်ခံ စောကျော်ဝေါ်က “ကျနော်တို့ စခန်းမှာတော့ လဆန်းပိုင်း လာပြီးစစ်ဆေး မယ်လို့ ပြောတယ်။ ဒါက အထက်အမိန့်ဆိုတော့ သူတို့မှာ ဒုက္ခသည်ကိုလက်ခံတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းရှိတာကို လာရှင်းပြတယ်။ စာရင်းထဲ အသစ်ရောက်လာတဲ့လူတွေကိုတော့ စည်းကမ်းချက်အရ သူတို့လက်ခံလို့ မရတော့ ဘူး။  လောလောဆယ် ရောက်လာတဲ့သူတွေကို ပြန်ခိုင်းမယ်ဆိုရင်လည်း နယ်စပ်မှာ ဆွေမျိုးမရှိတဲ့သူ တွေက တော့ အဆင်မပြေဘူး၊ ရေကြီးတာတွေရှိသေးတယ်။ ကျနော်တို့ လည်းကူညီပေးချင်ပေမယ့် သူတို့လက်မခံတော့ ဘယ်လိုမှ လုပ်ပေးလို့မရဘူး” ဟုကေအိုင်စီသို့ပြောသည်။

ထိုင်းနိုင်ငံ၏ ဒုက္ခသည် ပေါ်လစီအရ ခွင့်ပြုချက်မရှိဘဲ ဒုက္ခသည်စခန်းတွင် ဝင်ရောက်နေထိုင်သူများကို ထောင် ဒဏ် ၅ နှစ်နှင့် ငွေဒဏ်ဘတ် ၅ သောင်းထက်မနည်း ပေးရမည်ဖြစ်သလို လက်ခံသူဘက်ကလည်း ထောင် ၁၀နှစ်၊ ငွေဒဏ် ဘတ်တစ်သိန်းထက်မနည်း ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းအာဏာပိုင်ဘက်မှ ဒုက္ခသည်စခန်း တာဝန်ရှိသူများကို လာရောက်ချပြ ပြောဆိုထားခြင်း ရှိကြောင်း သိရသည်။

အဆိုပါ လူသစ်စာရင်းတွင် ဒုက္ခသည်စခန်းသို့ လာရောက်ကျောင်းတက်သည့် ကျောင်းသူကျောင်းသားများ ဖြစ်ပါက ပြန်ခိုင်းမည်မဟုတ်ဘဲ ဒုက္ခသည်စခန်းထဲတွင် ပညာဆက်လက်သင်ယူခွင့်ပေးရန် ထိုင်းအာဏာ ပိုင်တို့က ခွင့်ပြုထားသည်ဟု စခန်းတာဝန်ရှိသူများက ပြောဆိုသည်။

ထို့အပြင် နေရပ်ပြန်ရန် အခက်အခဲရှိနေသည့်သူများကို ထိုင်း-မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာအနီးရှိ ဘောနော်ထ ပြည်တွင်းစစ်ရှောင်စခန်း၌ ပြန်လည်ရွှေ့ပြောင်းလိုပါက သက်ဆိုင်ရာ စစ်ရှောင်စခန်း တာဝန်ရှိသူများကို ချိတ်ဆက် ဆက်သွယ်ပေးမည်ဖြစ်သည်ဟု ဒုက္ခသည်စခန်းတာဝန်ရှိသူထံမှ သိရသည်။

အလားတူ ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် တပ်မဟာ-၄ နှင့် နီးစပ်သည့် ထမ့်မဟင် ဒုက္ခသည်စခန်းသို့ ရောက်ရှိ လာသည့် စစ်ရှောင်လူသစ်များကို ထိုင်းအာဏာပိုင်ဘက်မှ ဆက်လက်ခံခွင့် မပေးသည့်အတွက် ဘောယာခနေရာ ၌ စစ်ရှောင်များပြန်ထားရန် ဒေသတာဝန်ရှိသူဘက်မှ စီစဉ်ခဲ့သည်။

 သို့သော် နယ်မြေလုံခြုံမှုမရှိသောကြောင့် ထမ့်မဟင် ဒုက္ခသည်စခန်းအနီးရှိ ပြည်တွင်းဘက်ခြမ်းတွင် ပြန်လည်နေရာ ချထားပေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီး နောက် ပိုင်း NLD အစိုးရလက်ထက်တွင် ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သည့် ဒုက္ခသည်များသည် မိမိဆန္ဒအလျောက် နေရပ်ပြန်သည့်သူများရှိခဲ့သည်။ ထိုနောက်  ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း  ပြည်တွင်း ပဋိပက္ခကြောင့် အဆိုပါနေရပ်ပြန်သည့် ဒုက္ခသည်အချို့သည် ဒုက္ခသည်စခန်းသို့ တစ်ဖန်ပြန်လည် ပြောင်းရွှေ့ နေထိုင်ရမှုတို့ ရှိကြောင်းသိရသည်။

July 10, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ် (ကရင်အမျိုးသား အစည်းအရုံး KNU၊ ဒူးသထူ(သထုံ)ခရိုင်) အတွင်း...
July 10, 2026
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မတီ (NSPNC) က အကောင်အထည်ဖော်နေသည့် ရက် ၁၀၀...
July 9, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက် ဖလူး၊ မင်းလက်ပံနှင့် လေးကေကော်ဘက်သို့ တက်လာသည့် စစ်အုပ်စု...
July 8, 2026
ကရင်ပြည်၊ မြဝတီမြို့နယ်အတွင်းရှိ နယ်မြေများကို ပြန်လည်ရယူရန် စစ်တပ်က လေးကေကော်မှတစ်ဆင့် ဖလူး-...