ကျောက်မဲမြို့ တိုက်ပွဲကြား မသယ်ထုတ်နိုင်သည့် အရပ်သားအလောင်းများ ပုပ်ပွနေ

ကျောက်မဲမြို့ တိုက်ပွဲကြား မသယ်ထုတ်နိုင်သည့် အရပ်သားအလောင်းများ ပုပ်ပွနေ

သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ နှစ်ဘက်တိုက်ပွဲအတွင်း သေဆုံးသည့် အရပ်သားများကို ထုတ်ယူသင်္ဂြိုလ်ရန် ခက်ခဲနေသဖြင့် အလောင်းပုပ်ပွနေကြောင်း စုံစမ်းသိရသည်။

ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အတွင်း ကျောက်မဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် TNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရမှုအပြင် သေနတ်ဒဏ်ရာများဖြင့် အရပ်သားသေဆုံးမှု နေ့စဉ် မြှင့်တက်နေသည်။

နေအိမ်အတွင်း သေဆုံးနေသည့် ထိုအလောင်းများကို သင်္ဂြိုလ်ရန် မကောက်ယူနိုင်သေးသဖြင့် အလောင်းများ ပုပ်ပွသည်အထိ များပြားနေကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ အလောင်းတွေကတော့ ရှေ့ရက်က ဆုံးထားတဲ့ဟာတွေ၊ ပုပ်ပွတာမျိုးတွေတောင် ရှိတယ်။ တချို့နေရာကလည်း အခြေအနေ အမျိုးမျိုးကြောင့် ဝင်မရတာမျိုးဖြစ်တယ်။ ဒီနေ့လည်း နမ့်စစ်လင်းဘက်မှာ ၂ လောင်း ရှိတယ်။ လွယ်ပေါင်းမှာ ၂ ယောက် ဒဏ်ရာရတယ်။ မနေ့က ၈ လောင်း၊ ရှေ့ရက်က ၁၅ လောင်းရှိသွားပြီ၊ နေ့တိုင်းနီးပါး သေတာရှိနေတယ်”ဟု ကျောက်မဲမြို့ လူမှုကူညီရေးအသင်းတွင် ကူညီနေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ် စစ်ကောင်စီတပ်နှင့် TNLA တပ်ဖွဲ့တို့ တိုက်ပွဲကာလ တစ်လနီးပါးအတွင်း အရပ်သားထိခိုက်သေဆုံးမှု (၁၀၀) နီးပါးအထိ မြှင့်တက်လာကြောင်း ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အလားတူ ဇူလိုင်လ (၂၀) ရက် ညနေ ၆ နာရီခွဲတွင် ကျောက်မဲဒေသခံ (၄) ဦးသည် ဆိုင်ကယ်(၂)စီးဖြင့် မောင်းနှင်လာစဉ် ဂိတ်စောင့်စစ်ကောင်စီတပ်မှ တားဆီးမေးမြန်းမှုမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ထိုနေရာတွင် (၄)ဦးလုံး ပွဲချင်းပြီး သေဆုံးသွား၍ ၎င်းတို့၏ ရုပ်အလောင်းများကို အခင်းဖြစ်ရာ လမ်းဘေးတွင် စုပုံစွန့်ပစ်ထားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

ထို့အပြင် ဇူလိုင်လ (၂၀)ရက်မှ (၂၂) ရက်အတွင်း TNLA ၊ ကျောက်မဲခရိုင် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်မ (၁၁) လက်အောက်ခံ ခလရ-၂၀၂/၂၀၃ တို့ နမ့်စစ်လင်းဘုန်းကြီးကျောင်းနှင့် အေးရှားဝေါ တိုးဂိတ်ဘက်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် MA1 (၂၆) လက်၊ MA3(၁၆)လက်၊ MA4(၄)လက်၊ MA11(၁၂)လက်၊ MA2(၁၀)လက် ငကျည်းမီး (၁)လက်၊ 45MM (၂)လက် 120MM (၁)လက် နှင့်အတူ စစ်အသုံးအဆောင်ပစ္စည်း (၈၅) လက် သိမ်းဆည်းရမိပြီး ရန်သူ့အလောင်း (၅၄) လောင်းနှင့် စစ်သုံ့ပန်း (၄၀) ဦးတို့ပါ ဖမ်းဆီးရမိခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်ကလည်း ကျောက်မဲမြို့အခြေစိုက် စကခ(၁) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦးလည်း TNLA တပ်ဖွဲ့ထံ လက်နက်ချ အညံ့ခံခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း သိရသည်။

April 11, 2026
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ပွဲတော် ကျင်းပရန် မဏ္ဍပ်(၉)ခုထက်မနည်း...
April 10, 2026
စိုင်းခွမ်မိန်း —သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်...
April 9, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ရာ ပန်ဆန်း(ပန်ခမ်း) မြို့နယ်ရှိ သတ္တုတူးဖော်ရာတွင်...
April 8, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့်...