စစ်ကောင်စီ ပြန်လည်နေထိုင်ခွင့်ပေးပေမယ့် ချောင်းနှစ်ခွဒေသခံအများစု နေရပ်မပြန်ရဲသေး

စစ်ကောင်စီ ပြန်လည်နေထိုင်ခွင့်ပေးပေမယ့် ချောင်းနှစ်ခွဒေသခံအများစု နေရပ်မပြန်ရဲသေး

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာမှာ စစ်ရှောင်ဒေသခံပြည်သူတွေကို စစ်ကောင်စီက ပြန်လည်နေထိုင်ခွင့်ပေးလိုက်ပေမယ့် ဒေသခံအများစု နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်ဒေသခံတွေထံကနေ သိရပါတယ်။

ချောင်းနှစ်ခွဒေသမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ရက်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ်တိမ်းရှောင်ခဲ့ရပါတယ်။

ချောင်းနှစ်ခွဒေသကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း စစ်ကောင်စီဘက်က ပြန်လည်ထိန်းချုပ်လိုက်ပြီးနောက် နေရပ်ပြန်လည် နေထိုင်ခွင့်ပေးဖို့ ဒေသခံတွေ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ကိုးလကျော်ကြာတဲ့အထိ နေရပ်ပြန်လည် နေထိုင်ခွင့်မပေးခဲ့ပါဘူး။

ဒါပေမဲ့ ဇူလိုင် ၂၁ ရက်နေ့ကစပြီး မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ခွင့်ပြုချက်နဲ့ ချောင်းနှစ်ခွဒေသခံတွေကို နေရပ်ပြန်လာ နေထိုင်ခွင့်ပေးအပ်ခဲ့တာပါ။

ချောင်းနှစ်ခွဒေသခံတစ်ဦးကတော့ နေရပ်ပြန်လာချိန်မှာ ရွာလုံးကျွတ်နီးပါး တိုက်ပွဲဒဏ်ကြောင့် ပျက်စီးသွားပြီးဖြစ်တဲ့အတွက် ဒေသခံအများစု ပြန်လည်နေထိုင်တာ မရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ “ပျော်လည်းပျော်တယ်။ ဝမ်းလည်းနည်းတယ်ပေါ့။ မီးလောင်ထားတဲ့နေ အိမ်တွေလည်း အများကြီးပဲ။ ရွာပျက်ကြီးလိုဖြစ်နေတာပေါ့။ အားလုံးနီးပါးပျက်စီးထားတာပေါ့။ စစ်တပ်ကိုမှတ်ပုံတင်ပြပြီး ဝင်နေထွက်နေရတာ။ နေတဲ့သူလည်းနေတယ်။ မနေတဲ့လူလည်းမနေဘူး” လို့ ဆိုပါတယ်။

အိမ်ခြေ ၆၀၀ ကျော်ရှိတဲ့ ချောင်းနှစ်ခွကျေးရွာ နေအိမ်တွေဟာ နှစ်ဖက်တိုက်ပွဲအတွင်း အိမ်ခြေ ၃၀၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၁၀၀ ကျော်လောက်ကလည်း မီးလောင်ပြာကျခဲ့ရတာပါ။

တဖက်မှာတော့ ချောင်းနှစ်ခွဒေသခံတွေဟာ ကျေးရွာပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် ထောင် ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ပြန်လည်နေထိုင်ဖို့အပါအဝင် ဘဝလုံခြုံမှုအတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်က ချောင်းနှစ်ခွဒေသခံတွေကို နေရပ်ပြန်လာခွင့်ပေးလိုက်ပြီးနောက် ဒေသခံတစ်ရာကျော်လောက်သာ နေရပ်ပြန်လာနေထိုင်နေကြပြီး စစ်ရှောင်ပြည်သူအများစုကတော့ လာရောက်နေထိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေကိုတော့ စစ်ကောင်စီတပ်က မှတ်ပုံတင်နဲ့ နာမည်စာရင်း တိုက်ဆိုင်စစ်ဆေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ချောင်းနှစ်ခွတိုက်ပွဲအတွင်း ချောင်းနှစ်ခွ၊တောင်ကလေး၊လှကဇိုင်းအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဘက်က ဖောက်ထွင်းခိုးယူတာတွေ ရှိခဲ့တာပါ။

အချိန် တစ်လခွဲကျော်ကြာမြင့်ခဲ့တဲ့ ချောင်းနှစ်ခွတိုက်ပွဲအတွင်း အရပ်သားပြည်သူ ၁၀ ဦးထက်မ နည်းသေဆုံးပြီး၂၀ ကျော် ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...