ကျောက်ဖြူ မဒေးကျွန်းရဲစခန်း လက်နက်တိုက်ဖောက်ယူခံရပြီးနောက် စခန်းတွင် ကျန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအားလုံး ဖမ်းဆီးထိန်းသိမ်းခံရ

ကျောက်ဖြူ မဒေးကျွန်းရဲစခန်း လက်နက်တိုက်ဖောက်ယူခံရပြီးနောက် စခန်းတွင် ကျန်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအားလုံး ဖမ်းဆီးထိန်းသိမ်းခံရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ထဲက တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများရှိရာ မဒေးကျွန်း ရဲစခန်း လက်နက်တိုက်ဖောက်ယူခံရပြီးနောက် စခန်းတွင်ကျန်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်အားလုံးကို ဖမ်းဆီးထိန်းသိမ်းခံရထားကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၁၇ ရက် မနက်အစောကြီးက မဒေးကျွန်းရဲစခန်းတွင် ကင်းစောင့်တာဝန်ကျနေသည့် ရဲတပ်သားကျော်နုက လက်နက်တိုက်ဖောက်ယူထွက်ပြေးသွားခြင်းဖြစ်ပြီး စခန်းတစ်ခုလုံးတွင် အရာရှိများကိုင်ဆောင်သည့် ခြောက်လုံးပြူးသေနတ်နှစ်လက်သာ ကျန်ရစ်ခဲ့သည်။

ထိုသို့လက်နက်တိုက်ဖောက်ယူခံရပြီးနောက် ဇူလိုင်လ ၂၀ ရက်ညပိုင်းတွင် မဒေးကျွန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အားလုံးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း စစ်ရေးနှင့် ဒေသအခြေအနေစောင့်ကြည့်နေ သည့် နိရဥ္စရာ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" မဒေးကျွန်းစခန်းမှာ လက်နက်တိုက်ဖောက်ခံရပြီး နောက်တစ်နေ့မှာပဲ စစ်တပ်ဗျူဟာမှူးအသစ်နဲ့ အင်အား ၇၀ လောက်မဒေးကျွန်းကိုလိုက်သွားတယ်။ ဇူလိုင် ၂၀ ရက်ညပိုင်းမှာ မဒေးကျွန်းရဲစခန်းက ရဲတွေအားလုံးကိုဖမ်းပြီး ကျောက်ဖြူရဲစခန်းကိုပို့လိုက်တယ်" ဟု သူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

တပ်သားကျော်နု လက်နက်တိုက်ဖောက်ယူထွက်ပြေးရာတွင် ၄င်းနှင့်အတူ G-3 အမျိုးအစား သေနတ် ၈ လက်၊ G-4 ၁ လက်၊ MA 94 ၁ လက်နှင့် ကျည်ဆန် ၃,၀၀၀ ကျော်၊ လက်ပစ်ဗုံး ၂ လုံးတို့ ပါသွားခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်အရသိရသည်။

ထိုသို့ လက်နက်ခဲယမ်းအမြောက်အများနှင့်ထွက်ပြေးသွားသည့် ရဲတပ်သားမှာ အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ထင်ကြေးပေးပြောဆိုကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မဒေးကျွန်းတွင်တပ်စွဲထားသလို လက်နက်ခဲယမ်းများစွာ ဖောက်ထွင်းယူပြီး စခန်းမှထွက်ပြေးသွားသည့် ရဲတပ်သားကျော်နုအား ပိုက်စိပ်တိုက်ရှာဖွေလျက် ရှိကြောင်း သိရှိရသည်။

မဒေးကျွန်းနယ်မြေရဲစခန်းသည် တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကို လုံခြုံရေးယူပေးနေသည့်  စခန်းဖြစ်ပြီး စခန်းတွင် စခန်းမှူး အပါအဝင် အရာရှိ ၂ ဦးနှင့် တပ်ဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၁၂ ဦး သာရှိကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...